Wednesday 20 November 2013

လက်ဆောင်သည် မှတ်စု

မြန်မာပြည်အလည်ပြန်ဖို့ ရက်ကနီးလာပြီဆိုတော့ ရုံးအားရက်တွေမှာအများဆုံးလုပ်ဖြစ်နေတာက လက်ဆောင်ဝယ်တာနဲ့ စာရင်းမှတ်တာပါပဲ။ တနှစ်မှတခါ၊ တခါအလေ နှစ်နှစ်မှတခါ အလည်ပြန်တာလဲဖြစ်၊ ကိုယ်ချစ်ခင်တဲ့ မိဘဆွေမျိုးတွေ၊  မောင်နှမတွေ၊ သူငယ်ချင်းတွေကို ဘာရယ်မဟုတ် မုန့်ကလေးပဲကလေးပဲဖြစ်ဖြစ်၊ လက်ဆောင်တိုတိုထွာထွာလေးပဲဖြစ်ြ
ဖစ် မှတ်မှတ်ရရသယ်သွားချင်တာလေ။ ကျွန်မပြန်တဲ့အခါတိုင်းလဲ သူတို့က အချိန်ပေးပြီး တကူးတကလာတွေ့ကြ၊ မုန့်ပေးကြနဲ့ မဟုတ်လား။ ဒါပေမဲ့လဲ "ဘဲအုပ်ကတရာနှစ်ရာ မဗေဒါတပင်ထဲ" ဆိုသလို လက်ဆောင်အားလုံးကို တပြိုင်ထဲဝယ်မယ်ဆိုမယ်ဆိုရင်တော့ ရှိတဲ့လခလေး လဆန်းပိုင်းမှာပဲပြောင်သွားနိုင်ပါတယ်။

ကျွန်မက လက်ဆောင်ပေးရတာ အင်မတန်ဝါသနာပါပါတယ်။ အထူးသဖြင့် ကျွန်မချစ်ရ၊ ခင်ရတဲ့ ကျွန်မနဲ့ အင်မတန်ရင်းနီးတဲ့သူမျိုးတွေအတွက်ဆို ပိုပြီးဈေးဝယ်ထွက်ချင်ပါတယ်။ သူတို့တွေနဲ့ အပြင်သွားတဲ့အခါ၊ တူတူရှိတဲ့အခါ သူတို့ကြိုက်တတ်တာလေးတွေ မှတ်ထားပြီး ကျွန်မတတ်နိုင်တဲ့ ငွေအတိုင်းအတာလေးထဲကဆိုရင် လက်ဆောင်ဝယ်ရတာအဆင်ပြေသွားပါပြီ။ မကြိုက်မှာပူစရာ မလိုတော့ဘူးလေ။ ဒါ့အပြင် သွားရင်းလာရင်း ကြုံကြိုက်တဲ့အခါ၊ ကိုယ်လိုချင်တဲ့ ပစည်းကို ပုံမှန်ထက် အကြောင်းအမျိုးမျိုးကြောင့်ဈေးလျှော့ရောင်းတဲ့အခါမျိုးတွေမှာ ကြုံရင်ကြုံသလို ဝယ်ထားလို့ရပါတယ်။ မုန့်ကလွဲရင်ပေါ့ရှင်။ လက်ကိုင်အိတ်၊ ချစ်စရာ လက်ဆောင် ပစ္စည်းလေးတွေ၊ ခရီးသွားလာရာမှာအသုံးဝင်မဲ့ လိုးရှင်းလို၊ ဆက်ပြာရည်လို မျိုးကြတော့ ၄၊၅လ ကြိုဝယ်ထားလဲ အဆင်ပြေတာမဟုတ်လား။ ဒီနိုင်ငံကသူတွေကြည့်တတ်တဲ့ Groupon တို့လို Dealတို့လို websiteမျိုးတွေကလဲ တခါတလေ ပစ္စည်းလေးကောင်းလေးတွေ မထင်မှတ်တဲ့ဈေးနဲ့ ရတတ်ပါတယ်။ ကိုယ်က မှန်မှန်သွားကြည့်ဖို့တော့လိုတာပေါ့လေ။ ကျွန်မကတော့ ပြန်မယ်လို့ စဉ်းစားထားရင် ၄-၅လထဲက ကြိုပြီး တလကို နည်းနည်းစီ လက်ဆောင်ကြိုစုပါတယ်။ တကယ်တမ်း ပြန်တွက်ကြည့်တဲ့အခါ ကြိုကြိုတင်တင် ဝယ်စုတာက အချိန်ကုန် သက်သာသလို ငွေကုန်လဲပိုနဲပါတယ်။ လိုချင်တဲ့ ပစ္စည်းလေးတွေကိုအချိန်ဆွဲပြီး ကြိုက်တဲ့ဈေးနဲ့လျှာနိုင်ပါတယ်

ကျွန်မငယ်ငယ်ကဆို ကိုယ့်ပစ္စည်းဆိုသိပ်သိတတ်ပြီး ကပ်စီးနဲလိုက်တာမှ တွန့်တိုတဲ့အထဲတောင်ပါမယ်ထင်ပါတယ်။ တဦးတည်းသောသမီးလဲဖြစ် မြေးဦးလဲဖြစ်ပြန်တော့ အမျိုးတွေဝိုင်းမြောက်စားထားတာနဲ့ တကိုယ်ကောင်းကလဲသိပ်ဆန်ပါတယ်။ ဒီလိုမကောင်းတဲ့စိတ်ကလေးကို ပြင်ပေးခဲ့တာမေမေပါ။ အလယ်တန်းကျောင်းသူဘဝက ဖေဖေကစီးပွါးရေးလုပ်ငန်းတခုအသစ်စလုပ်တာဆိုတော့ ရှိသမျှပိုက်ဆံလေး ရင်းနီးတဲ့ထဲကို အကုန်လုံးဝင်နေတာပေါ့လေ။ အဲဒီတုံးက နွေရာသီကျောင်းပိတ်ရက်တွေမှာ ခေတ်စားတဲ့ ဖက်ရှင်တခုက စပန့်သား ဝမ်းဆက်တွေပါ။ အရောင်တောက်တောက် အသားအေးအေး ဝတ်စုံတွေကို အရမ်းကိုကြိုက်တာပေါ့။ တစုံကို ၅၀၀ ကနေ ၇၅၀ကျပ်လောက်ရှိပါတယ်။ လက်ထဲမှာ ငွေပိုငွေလျှံမရှိတဲ့အချိန်မို့လို့  မေမေက ၃ထည်ပဲဝယ်ပေးနိုင်ပါတယ်။ အဲဒီ၃ထည်ကိုပဲ တပတ်မှာ ၃-၄ရက်လောက် မချွတ်တန်းဝတ်နေတော့တာပေါ့။ တရက် အိမ်ကိုနယ်မှာနေတဲ့ ညီမလေးအလည်လာပါတယ်။အသက်က၁နှစ်လောက်ပဲကွာတာဆိုတော့ သူလေးကလဲ အဝတ်အစားကြိုက်တတ်နေပါပြီ။  နွေရာသီနဲ့ကိုက်တဲ့၊ အေးတဲ့ စပန့်သား ဝမ်းဆက်တွေကိုသူလဲကြိုက်ပါတယ်။  ရန်ကုန်ကို ၁၀တန်းအမှတ်ခြစ်ဖို့လာတဲ့ ကျွန်မအဒေါ်က ညီမလေးကို လိုက်ဝယ်ပေးဖို့အချိန်မရှိပါဘူး။ ဒါနဲ့ မေမေက  ညီမလေးကို ကျွန်မမှာရှိတဲ့ ၃ထည်ထဲက တထည်ပေးဖို့ပြောလာပါတယ်။ ရှိတာမှ ၃ထည်၊ ပေးလိုက်ရင် ၁ထည်ဝတ်ဖို့လျှော့သွားမယ် ဆိုပြီး စကားပြန်မရတဲ့ ကျွန်မကို မေမေက
"သမီးရေ ကိုယ်ကြိုက်တဲ့ဟာလေးကို သူများကို စေတနာနဲ့ပေးလိုက်တယ်ဆိုတာ တကယ်တမ်းတွေးကြည့်ရင် ကိုယ့်ဆီမှာလျှော့သွားတာမဟုတ်ပါဘူး။
သမီးက စေတနာအပြည့်နဲ့ ညီမလေးနဲ့တူတူမျှသုံးတယ် ဆိုကတည်းက သမီးမှာကုသိုလ်တွေအများကြီးရသွားပြီ။
 ညီမလေးကလဲ သူကြိုက်တာလေးဝတ်ရလို့ ဝမ်းသာတယ်။ ညီမလေးပျော်တဲ့ သမီးလဲပျော်တယ် မဟုတ်ဘူးလား။ စေတနာ၊ အကြင်နာ ရှိတဲ့သူကို နတ်တွေကချစ်တယ်။ သမီး နောက်ဆို အဝတ်လှလှလေးတွေများကြီးဝတ်ရမယ်။"

တိုက်ဆိုင်တာပဲလားမသိ အဲဒီနှစ်နွေရာသီကျောင်းပိတ်ရက်မကုန်ခင်မှာပဲ ကျွန်မနှစ်သက်တဲ့ စပန့်သားဝမ်းဆက်၂စုံ ဦးလေးတယောက်ကလက်ဆောင်ဝယ်ပေးခဲ့ပါတယ်။ ငယ်ငယ်တုန်းကတော့ ငါပြန်ရမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ လှူခဲ့တာမျိုးရှိခဲ့ပေမဲ့ အခုတော့ လက်ဆောင်ပေးရတာကိုပျော်တတ်နေပါပြီ။ ချစ်တဲ့ ခင်တဲ့သူတယောက်ယောက်အတွက်လက်ဆောင်ဝယ်တိုင်းလဲ ငယ်ငယ်က တွန့်တိုတတ်တာတွေ ရှက်ရှက်နဲ့ပဲပြန်သတိရမိသေးတယ်။

Adoraလိုပဲ ဒီနှစ် ဒီဇင်ဘာမှာ အိမ်ပြန်ဖို့ပြင်ဆင်နေတဲ့ အကို၊အမတွေ  မောင် ညီမလေးတွေနဲ့ သူငယ်ချင်းတွေကို ပျော်စရာခရီးလေးဖြစ်ပါစေလို့ ဒီနေရာကပဲဆုတောင်းလိုက်ပါတယ်။

Monday 14 October 2013

ပွဲပြီးအတွေးများ

ပြီးခဲ့တဲ့ စက်တင်ဘာလ၂၂ရက်မှာ မြန်မာကလပ်ကဦးစီးပြီး sentosa ကျွန်းက Compass ballroom မှာ ကျမတို့နိုင်ငံရဲ့  ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို သွားကြည့်ရင်း ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် ခပ်ဝေးဝေးကနေ လူကိုယ်တိုင်မြင်ဖူးခဲ့ပါတယ်။ ရောက်လာကတဲက မိုက်ကလေးကိုင်ပြီး တပြုံးပြုံးနဲ့ မရပ်မနား စကားပြောသွားလိုက်တာများ ဟိတ်ဟန်ကင်းလိုက်တာ။ နိုင်ငံတကာက အသိအမှတ်ပြုလေးစားရတဲ့ ကမ္ဘာသိအမျိုးသမီးကြီးဖြစ်တာတောင် အန်တီ့မျက်နှာမှာအပြုံးကလွဲလို့ ဘာမှမရှိ။ အိမ်မှာ သား၊သမီး၊ မောင်၊ညီမ၊ မြေး၊ မြစ်တွေနဲ့ စကားအေးအေးဆေးဆေးထိုင်ပြောနေတဲ့အတိုင်း။ 

(ပုံကို Google ကယူပါတယ်)


 " ဘယ်နိုင်ငံပဲရောက်ရောက်၊ ဘာနိုင်ငံသားပဲခံခံ ကျမအနေနဲ့ကတော့ မြန်မာပြည်ကလာတဲ့သူတွေအားလုံး မြန်မာနိုင်ငံသားတွေပါပဲ" ဆိုတဲ့အတိုင်း အားလုံးကိုတပြေးညီဆက်ဆံရင်း ရတဲ့အချိန်တိုတိုလေးအတွင်း ကျမတို့ရဲ့ ( အထူးသဖြင့် လူငယ်တွေရဲ့) တွေးပုံတွေးနည်းကို ပညာသားပါပါတည့်မတ်ပေးသွားတာ၊ မေးလာသမျှမေးခွန်းတိုင်းကို သူ့စိတ်ထဲရှိတဲ့အတိုင်း၊ သူ့မူအတိုင်း၊ သူ့ယုံကြည်ချက်အတိုင်း လက်တမ်းရှင်းလင်း ဖြေသွားလိုက်တာများ ခမ်းမကြီးတခုလုံး သဘောကျ လက်ခုပ်သံတွေကို ညံနေတာပါပဲ။  တကယ်လို့အန်တီ့မှာသာ အချိန်ပိုရှိရင် သူ့ရှေ့က ဖန်ဇလုံကြီး၃လုံးအပြည့် မေးခွန်းတွေကို တခုပြီးတခု မမောမပန်းထိုင်ဖြေမယ်လို့ ကျမကတော့ယုံပါတယ်။

ပွဲပြီးသွားပေမဲ့ အန်တီရဲ့ ဟောပြောမှုတွေအကြောင်းကတော့ ဒီနိုင်ငံရဲ့သတင်းစာတိုင်းမှာ၊ ရေဒီယိုတွေမှာဝေဝေဆာဆာပါပဲ။ "အန်စန်းစုဂျီးက နင်တို့နိုင်ငံကနေ ငါတို့နိုင်ငံက လေ့လာသင်ယူဖို့လိုတယ်လို့ပြောသွားတယ်ဆို " လို့မေးလာတဲ့ ရုံးက ဒီနိုင်ငံသားလုပ်ဖော်ကိုင်ဖက်ကို ကျမပြုံးပဲပြမိပါတယ်။ တွေ့လိုက်ရတဲ့ ၁နာရီအချိန်အတွင်း အန်တီ့ဆီမှာတွေ့ရတာက အန်တီ့ရဲ့ အကောင်းမြင်တတ်တဲ့စိတ်နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပါ။ တချို့မြန်မာနိုင်ငံသားတွေတောင် အောက်ကျနောက်ကျဖြစ်နေပြီရယ်လို့ အထင်သေးနေတဲ့ ကျမတော့ရွှေပြည်ကြီးအတွက် အန်တီ့မှာယုံကြည်ချက်အပြည့်နဲ့ပါ။ အရှေ့တောင်အာရှမှာအချမ်းသာဆုံးဆိုတဲ့ ဒီကျွန်းနိုင်ငံငယ်လေးရဲ့ ခေါင်းဆောင်တွေကို "ရှင်တို့လဲ ကျမတို့နိုင်ငံကနေ  လေ့လာသင်ယူနိုင်ပါလိမ့်မယ်" လို့ပြောသွားတယ်ဆိုကတဲက သူ့ရဲ့ကျမတော့နိုင်ငံမှာထားတဲ့ ယုံကြည်ချက်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။

အန်တီရဲ့ဟောပြောပွဲတွေအကြောင်းအသေးစိတ်ရေးဖို့ ကျမမှာစိတ်ကူးမရှိပါဘူး။ facebook မှာ၊ သတင်းဆိုက်တွေမှာ၊ youtube မှာ သတင်းအစုံအလင်ကို နားထောင်၊ ဖတ်ရှုနိုင်ပါတယ်။ နိုင်ငံရေးကို ကိုယ်ကသူများလို နှိုက်နှိုက်ချွတ်ချွတ် မလေ့လာဘူးလို့မသိ၊ သိသလောက်လေးနဲ့ရေးရင်လဲ အမှားတွေပါပြီး ဆရာလုပ်သလိုဖြစ်မှာဆိုးတာနဲ့ ရေးဖို့တော်တော်လက်တွန့်ပါတယ်။ ဒါပေမဲ့ အန်တီပြောသွားတဲ့အကြောင်းအရာလေးတခုက ကျမစိတ်ထဲမှာရှိတဲ့အကြောင်းလေးတခုနဲ့ အတော်တိုက်ဆိုင်နေပါတယ်။ ဒီနေရာမှာ ကြိုပြီးပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်က ဒီစကားကို ဒီသဘောနဲ့ပြောသွားပါတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အန်တီပြောသွားတဲ့ စကားလေးကို ကျမနားလည်သလို၊ စိတ်ထဲခံစားမိသလို ရေးတာဖြစ်ကြောင်း အရင်စကားခံပါရစေ။

"ငါတို့နိုင်ငံကမျက်နှာငယ်လို့ ငါတို့မျက်နှာငယ်လို့ စိတ်ထားမဲ့အစား၊ ငါတို့နိုင်ငံ မျက်နှာမငယ်အောင်လို့ငါတို့လုပ်မယ် ဆိုတဲ့စိတ်ဓာတ်တွေတော့မွေးစေချင်တယ်။ (ဒေါ်အောင်ဆန်းစုကြည်)"

ကျမလိုပဲ မြန်မာနိုင်ငံကနေပြီး သူများနိုင်ငံမှာ ပညာလာသင်၊ အလုပ်လာလုပ်တဲ့သူတွေတော့သိကြမှာပါ။ အလုပ်မှာ၊ ကျောင်းမှာ လူမျိုးခြားတယောက်အကြောင်းပြောတဲ့အခါ ငါတို့ရုံးက မြန်မာက၊ ငါတို့ကျောင်းက မြန်မာကလေ ဆိုတာမျိုးကိုပိုပြီးသုံးကြပါတယ်။ မြန်မာတင်ပဲလားဆိုတော့လဲမဟုတ်ပါဘူး။ ကျမတို့နည်းတူ ဒီနိုင်ငံလေးမှာလာပြီး နေထိုင်ကြတဲ့သူတိုင်းပါပဲ။ ဖိလစ်ပင်းနိုး၊ တရုတ် (ပြည်မကြီးက တရုတ်)၊ အိန္ဒိယ၊ အင်ဒိုနီးရှန် အကုန်တူတူပါပဲ။ ကိုယ့်မြေ ကိုယ့်ရေမှမဟုတ်တာကိုး။ ဒီမှာပြောချင်တာက ကျမတို့တဦးတယောက်ချင်းစီရဲ့ လုပ်ပုံ၊ ကိုင်ပုံ၊ အမူအကျင့်တွေက ကိုယ်ကိုတိုင်အတွက်တင်မဟုတ်ဘဲ နိုင်ငံနဲ့တွဲပြီးသက်မှတ်ခံရတယ်ဆိုတာပါပဲ။ ဒါကြောင့်ကျမတို့တဦးတယောက်ချင်းစီရဲ့အပြုအမူ၊ အလုပ်အကိုင်နဲ့ အကျင့်စာရိတ္တတွေအလွန်ကိုအရေးကြီးပါတယ်။ကျမတို့တဦးတယောက်ချင်းဆီက သန်းခြောက်ဆယ်သော မြန်မာပြည်သူတွေရဲ့ ကိုယ်ကျင့်တရား၊ ဓလေ့စရိုက်တွေကို ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကိုယ်စားပြုနေတာပါ။ အန်တီပြောတာတွေ နားထောင်ရင်း တိုင်းပြည်တခု အများအမြင်မှာ မျက်နှာပန်းလှဖို့၊ အရင်ကလို မြန်မာနိုင်ငံကလာတယ်ဆိုရင်ပဲ အထင်တကြီးနဲ့ လေးစားတာခံရဖို့ ဆိုတာ အစိုးရ၊ အဖွဲ့အစည်း တခုအပြင် ကျမတို့တွေမှာလဲ တာဝန်ရှိတယ် ဆိုတဲ့အတွေးရင်ထဲကိုဝင်လာပါတယ်။

အရင်တုန်းက စစ်အစိုးရလက်ထဲမှာ မဖွံ့ဖြိုးတဲ့နိုင်ငံလေးဆိုပြီး အရေးတယူမရှိလှတဲ့ တပြည်သားတွေက အခုကြတော့လဲ ကျမတို့ရဲ့နိုင်ငံအကြောင်းကို ကျမတို့ထက်ကိုပိုပြီးစိတ်ဝင်စားနေပါတယ်။ နေ့လည်စာ စားချိန်မှာ၊ tea break မှာ "နင့်နိုင်ငံက portကြီးဆောက်နေပြီဆို။ မြေဈေးတွေလဲ မနဲဘူးဆို။ Protest တွေဖြစ်နေတယ်ဆို။ အန်စန်းစုဂျီးက ဘယ်နိုင်ငံသွားပြီး ဘာတွေဆွေးနွေးတယ်ဆို။ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာအုံးမယ် ထင်လဲ" စသဖြင့် မေးခွန်းပေါင်းစုံနဲ့ သူတို့သိလဲသိနိုင်ပါတယ်။ ဒီလိုနိုင်ငံရေး စီးပွါးရေးရာတွေအပြင် ခရီးသွားဖို့ကိုလဲ အတော်လေးစိတ်ဝင်စားကြပါတယ်။ ဒါပေမဲ့ ခရီးမသွားခင်တော့ မြန်မာပြည်ရဲ့ အထင်ကရ နေရာတွေ အကြောင်းကို တော်တော်လေးစုံစုံလင်လင်၊ စေ့စေ့ပေါက်ပေါက် မေးတတ်ကြပါတယ်။ သူတို့ဘက်ကတွေးတော့လဲ မှန်ပါတယ်လေ။ အာရှမှာ အရင်ကလူသွားနည်းတဲ့ နေရာ၊ အင်တာနက်တော့ ဖုံးတို့ဆိုတာ မနေ့တနေ့ကမှ အဆင်ပြေစပြုလာတာ။ ဒါတောင်အကောင်းကြီးမဟုတ်သေး။ မြန်မာပြည်ဝင်တာနဲ့ ဖုံးကို သိမ်းလိုက်တယ်ဆို ဆိုတဲ့ မဟုတ်ကဟုတ်က ကောလဟာလကြီးကို သူဌေးကဘယ်ကကြားလာမှန်းမသိလို့ ရှင်းရသေးတယ်။ 

ခရီးသွားဖို့မေးတဲ့အခါ ယေဘူယျအားဖြင့် တော့ "ထင်ရှားတဲ့ နေရာတွေက ဘာတွေလဲ။ ဘာတွေရှိလဲ။ ဘာ activitiesတွေလုပ်နိုင်မလဲ" ဆိုတာတွေပါဘဲ။ တရက် ရုံးနားကဆိုင်မှာ နေ့လည်စာစားနေတုံး ဘေးကပ်ရက်ဝိုင်းကို မြန်မာအကိုတယောက်နဲ့အတူ မြန်မာမဟုတ်တဲ့ Local မိသားစုတစုလာထိုင်ပါတယ်။ တရုတ်အမျိုးသားက ထမင်းမှာပြီး မစားသေးပဲ မြန်မာအကို,ကိုမြန်မာနိုင်ငံကိုသွားလည်ချင်တဲ့အကြောင်းပြောရင်းကနေ ဘယ်တွေသွားရမလဲမေးနေတာပါ။ သူများပြောတာတွေ နားထောင်တာမကောင်းဘူးဆိုတာနားလည်ပေမဲ့ ကိုယ့်နိုင်ငံအကြောင်း၊ ခရီးသွားဖို့အကြောင်းပြောတာဆိုတော့ ထမင်းစားရင်းနားစွင့်မိတယ်ဆိုပါတော့။ သူပြောတဲ့အထဲ ရန်ကုန်၊ မန္တလေး၊ ပုဂံ နဲ့ ဂိုးဒဲန်းရော့ (ကျိုက်ထီးရိုး) ဆိုတာလဲပါရဲ့။ အဲဒီမှာ မြန်မာအကိုက (ဗိုက်ဆာလို့လားမသိ) ရန်ကုန်မှာ ရွှေတိဂုံဘုရား၊ မန်းလေးမှာ မဟာမြတ်မုနိနဲ့ ရွှေကျောင်း၊ ပုဂံမှာ 
ဘုရားကျောင်းတွေ၊ ကျိုက်ထီးရိုးကလဲ ဘုရားပဲဆိုပြီး ခြုံပြီးပြောတော့ "ဟင် အားလုံးကဘုရားပဲဆိုရင်တော့ ငါ့ခလေးတွေနဲ့ အဆင်ပြေမှာမဟုတ်ပါဘူး။ သွားဖို့စဉ်းစားရအုံးမယ်" ဆိုပြီး စကားဝိုင်းသိမ်းသွားပါတယ်။ 
ကျမစိတ်ထဲမှာတော့ " ဒီအကိုနှယ်..ရန်ကုန်က ကိုလိုနီအဆောက်အဦးတွေအကြောင်း၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးလုပ်ကြံခံသွားရတဲ့ အတွင်းဝင်ရုံးအကြောင်း၊ ၁၉၂၀ကျော် ကတည်းက ဆောက်တဲ့ မြန်မာလက်မှုပစည်းတွေ ရနိုင်တဲ့ ဗိုလ်ချုပ်ဈေးကြီးအကြောင်း၊ မန်းလေးမှာဆိုလဲ ဦးပိန်တံတားရဲ့ ရှူခင်းတွေ၊ တနာရီလောက် ကားမောင်းရင်ယောက်တဲ့ ပြင်ဦးလွင် တောင်ပေါ်မြို့လေးအကြောင်း၊ သဘာဝရေတံခွန်တွေ၊ ရုက္ခဗေဒဥယျာဉ်က ပန်းတွေအကြောင်း၊ ပုဂံမှာဆိုလဲ ရှေးဟောင်းအနုပညာလက်ရာတွေအကြောင်း၊ ဘုရားနံရံက ပန်းချီ ပန်းပုတွေအကြောင်း၊ အင်မတန်လှတဲ့ ပုဂံရဲ့ နေဝင်ချိန်အကြောင်းတွေ၊ ကျိုက်ထီးရိုးဆိုလဲ တောင်တတ်တာ ဝါသနာပါတဲ့ သူတွေအတွက် သွားသင့်တဲ့ ခရီးဖြစ်တဲ့အကြောင်း" ဆက်ပြောပါလား လို့ မချင့်မရဲဖြစ်မိပါတယ်။

ဒီလိုရေးတဲ့ မြန်မာအကို ကိုအပြစ်တင်တာမဟုတ်ပါဘူး။ ကျမတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက်ကတော့ ဘယ်ခရီးသွားသွား ဘုရားကအဓိကပါပဲ။ မန်းလေးများ သွားမယ်ဆိုရင် "မဟာမြတ်မုနိ ဘုရားဖူးခဲ့နော်။ တန်ခိုးကြီးတယ်" လို့မှာကြတာပါ။ ဘယ်သူမှ "ဟဲ့ ဘယ်မှမရောက်ရင်တောင် ဦးပိန်တံတား သွားခဲ့နော်။ ပြင်ဦးလွင်လဲ တက်အုံး" လို့ ဘယ်သူမှမမှာပါဘူး။ ဒါတွေက ဒုတိယပါ။ ဒါကြောင့် မြန်မာပြည်ကနေရာတခုခုကိုများ တယောက်ယောက်ကပြောလိုက်ရင်  ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအရင်ဆုံး စိတ်ထဲဝင်လာတာ ဘုရားပါပဲ။  လူမျိုးခြားတွေအတွက်တော့ ဘုရားတွေက ကျမတို့လောက်အဓိကမကြပါဘူး။ သူတို့ခရီးသွားတဲ့အခါ စဉ်းစားတဲ့အချက်တွေထဲမှာ ငါဘာတွေလုပ်လို့ရမလဲ၊ ငါ့ခလေးတွေ ဘာလုပ်လို့ရမလဲ၊ ဘယ်လိုအစားအစာမျိုးတွေစားရမလဲ၊ သွားရမဲ့ ခရီးလမ်းက လုံခြုံမှုမှရှိရဲ့လား ဆိုတာမျိုးကို ပိုစိတ်ဝင်စားပါတယ်။ တခါကလဲ ရုံးကလုပ်ဖော်ကိုင်ဘက်တွေမေးလို့ သူတို့အခေါ် ဂိုးဒဲန်းရော့ အကြောင်းပြောပြနေတာ တယောက်က လမ်းလျှောက်သွားရင် တက်ရမဲ့တောင်တွေကဘယ်လောက်မြင့်လဲ လို့မေးတော့ အခေါက်ပေါင်းမြောက်မြားစွာ ကျိုက်ထီးရိုးကို လမ်းလျှောက်တမျိုး၊ ကားနဲ့တဖုံ သွားဖူးပေမဲ့မဖြေနိုင်ပါဘူး။  ငါ နင့်ကိုပြန်ပြောပါ့မယ်လို့ ပြန်ပြောလိုက်ရပါတယ်။

သဘာဝတောတောင်၊ရေမြေအလှအပရှိပြီးသား ကျမတို့နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေကိုစွဲဆောင်ဖို့ ခက်လှမယ်မထင်ပါဘူး။ အခုတောင် ခရီးသွားတွေအရင်ကထက် အလွန်များလာတဲ့အတွက် ဟိုတယ်တွေတောင်မလောက်မငဖြစ်နေတယ်မဟုတ်ပါလား။ ကျမတို့ ခရီးမသွားခင်သွားမဲ့နိုင်ငံက အသိမိတ်ဆွေတွေကို သွားမဲ့နိုင်ငံအကြောင်း မေးမြန်းစုံစမ်းသလို ကျမတို့နိုင်ငံအကြောင်း မေးလာတဲ့အခါ ကောင်းနိုးရာရာလေးတွေ အကြံပေးနိုင်ဖို့၊ သူတို့သိချင်မယ့် အချက်အလက်လေးတွေ လက်လှမ်းမှီသလောက်လေး လေ့လာထားရင် ကောင်းမယ်လို့ ရိုးရိုးလေးတွေးမိပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းဆိုတာ တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေရတဲ့ လုပ်ငန်းဆိုတော့ ခရီးသွားတွေများလာလေလေ၊ တိုင်းပြည်စီးပွါးရေးအတွက်အကျိုးရှိလေလေ၊ မြန်မာပြည်ဆိုတာ ဘာမှလည်စရာမရှိ၊  သံယံဇာတမရှိတဲ့ စုတ်ချာချာနိုင်ငံမဟုတ်ဘူးဆိုတာ လူတွေပိုသိလေလေ၊ ကျမတို့လိုရေမြေခြားမှာ နေနေရတဲ့ သူတွေလဲ  မျက်နှာမငယ်ရလေလေပါပဲ။ 

အန်တီ့နဲ့ Singaporeက မြန်မာမိသားစုတွေ တွေ့စုံပွဲကတော့ အောင်အောင်မြင်မြင်နဲ့ပြီးသွားခဲ့ပါပြီ။ ပွဲအပြီးမှာ ကျမလိုပဲ အတွေးပေါင်းစုံနဲ့ ပြန်လာမဲ့သူတွေလဲ အများကြီးပဲရှိမှာပါ။ "အန်တီက အသက်၆၈နှစ်တောင် ရှိပြီ။ ဒေါ်ကြီးအရွယ်၊ အဖွားအရွယ်။ သူ့မှာအေးအေးဆေးဆေး သားသမီး၊ မြေးတစုနဲ့ မနေနိုင်ပဲ အလုပ်တွေမရပ်မနားလုပ်နေရတာ သနားပါတယ်" လို့ အကိုတယောက်နဲ့ပြောဖြစ်တဲ့ အခါ " ဟယ် အန်တီကပြောတယ်လေ။ သူ့ကိုသနားစရာမလိုဘူး။ ဒါကိုသူလုပ်ချင်လို့ကို လုပ်နေတာ တဲ့" နင် သေသေချာချာ နားမထောင်ဘူးလား"။ ဟုတ်ကဲ့ ကျမတို့သေသေချာချာ နားထောင်ခဲ့ကြပါတယ်။ အန်တီ့ရဲ့ စကားလုံးတိုင်းနီးပါးကို သဘောကျစွာနဲ့ပဲ ခမ်းမလျှံအောင် လက်ခုပ်လဲတီးခဲ့ကြပါတယ်။  သေသေချာချာ နားထောင်ခဲ့ ပေမဲ့လဲ အန်တီ့လိုတွေးပြီး အန်တီပြောသလိုလိုက်လုပ်နိုင်ဖို့ကတော့ လူတဦးတယောက်ချင်းစီမှာပဲ မူတည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလို လူငယ်ဖြစ်တဲ့ ကျမ အကြောင်းကြောင်းကြောင့် ကိုယ့်တိုင်းပြည်ကိုယ်မပြန်နိုင်ခင် ရောက်ရာနေရာက ကိုယ့်ချစ်တဲ့မြေ အတွက် ဘာလုပ်ပေးနိုင်မလဲ စဉ်းစားရင်းနဲ့ပဲ ဒီစာကိုရေးဖြစ်ပါတယ်။

Wednesday 18 September 2013

အလင်းသစ်


http://favim.com/image/248101/


"xxxxx xxxx"

ပင်ပန်းလွန်း၍ မှိတ်ထားသော မျက်လုံးအစုံကဖျတ်ခနဲပွင့်လာသည်။ အသံသွင်းထားသော အမျိုးသမီးကအခုရောက်နေသော မှတ်တိုင်ကို ထက်ခါထပ်ခါကြေငြာနေချင်းဖြစ်သည်။
"ဒါသူနေတဲ့နေရာက မှတ်တိုင်ပဲ"
အကျင့်ပါနေတဲ့မျက်လုံးတွေက ရထားပေါ်တက်လာသူတွေ၊ ဆင်းသွားသူတွေကြားဟိုဟိုဒီဒီ။ ဒါပေမဲ့ သူ့အလုပ်ကအိမ်နှင့်မဝေးလှတာမို့ ဒီလိုအချိန်သူရထားမစီးတတ်မှန်းလဲသိပြီးသား။ နှုတ်ခမ်းထောင့်ကကွေးရုံကွေးခါ မျက်နှာပေါ်မှာအပြုံးမပီတပီ တခုပေါ်လာသည်။
"အင်းလေ မတော်တဆများ ရထားပေါ်သူတတ်လာခဲ့ရင် ငါနောက်တမှတ်တိုင်မှာ ဆင်းသွားမှာပဲဟာ"
ဒီလိုပဲ မာန်နဲ့ပတ်သက်ရင် စုရဲ့ခံစားချက်တွေက အစွန်းနှစ်ဘက်မှာ။

စုနဲ့သူသိတာ သူငယ်ချင်းတယောက်မိတ်ဆက်ပေးလို့ပါ။ တွေ့တွေ့ချင်း မျက်နှာခြင်းဆိုင်မကြည့်ရဲသဖြင့် ခေါင်းငုံ့ထားတုန်းက သတိထားမိတာ သူ့ရဲ့ခြေချောင်းဖြူဖြူတွေ။ အရပ်သိပ်မရှည်သော မာန့်မှာ ရုပ်ရှင်တွေထဲကမင်းသားတွေလို ခြေချောင်းရှည်ရှည်တွေတော့မရှိ။ သေသေချာချာ ပွတ်တိုက်ဆေးကျောထားမှန်းသိသာသော ရှင်းသန့်သည့်ခြေထောက်တစုံကိုတော့ ကတ္တီပါဖိနပ်တစုံနဲ့အတူတွဲမှတ်မိခဲ့သည်။ မထင်မှတ်စွာနဲ့ရင်းနီးသွားတဲ့နောက်ပိုင်း နေ့နံပဲမကိုက်သလား၊ အကျင့်စရိုက်ပဲ ညှိမရအောင်ကွဲသလား မပြောနိုင် စကားများရန်ဖြစ်ကြတာက အကြိမ်ပေါင်းမနဲ။ ရန်ဖြစ်တိုင်း နောက်ဆုံးမှာနာကျင်ရတာ၊ ခဏခဏအဝေးကို ပြေးဖို့ကြိုးစားမိတာလဲစု။ သူစိတ်ပြေသွားချိန်မှာပို့လာတဲ့ စာတကြောင်း၊ ဖုံး ၁ခါခေါ်ရုံနဲ့ စိတ်နာတာတွေ ဝမ်းနည်းရတာတွေပြေတာကလဲ စုပါပဲ။

စုနဲ့မာန့်အကြောင်းကို သိတဲ့သူငယ်ချင်းတယောက်ကတော့ပြောဘူးသည်။ "ဒီကောင်က ဘယ်အချိန်မှာ နင့်ကိုဘယ်လိုပြောရမလဲ၊ နင့်အကြောင်းနောကြေနေအောင် သိပီးသား။ ဒါကြောင့်နင်ပြေးမလွတ်တာ" တဲ့။ ဒီအကြောင်းသူ့ကိုပြန်ပြောတဲ့အခါသူက "အေး ဒီကောင်က နင့်ကိုကြိုက်နေလားမှမသိတာ။ ငါ့ကိုဘယ်အကောင်းပြောပါ့မလဲ" လို့ဘုတောလွှတ်သေးသည်။ မာန်တခါတခါ စိတ်ကြည်လို့ "Honey" လို့စုကိုခေါ်သောအခါ၊ သူ့အပြစ်တွေကို တစက်မှရှင်းမပြနိုင်ပဲ "ငါမှ နင့်ကိုမခေါ်ဘဲ မနေနိုင်တာ"ဟု အော်ဟစ်သောအခါ မာန်ဘာမှထပ်ပြောစရာမလိုအောင် စုစိတ်တွေ အလိုလိုညွတ်နူးသွားမှန်း သူငယ်ချင်းသိရင်တော့ စုကိုနားမလည်စွာနဲ့ လှောင်ရီလိမ့်မည်။

တခါ မာန်နဲ့စု ခလေးဆန်စွာရန်ဖြစ်ကြတာ Facebookက သူနဲ့သူ့ကောင်မလေးရဲ့ဓာတ်ပုံတွေကို Like လုပ်မိခြင်းမှစသည်။။ (မာန်က ဘယ်ကောင်မလေးကိုမှ စုရှေ့မှာသူ့ကောင်မလေးလို့ ဝင်မခံ။ ဘယ်အချိန် ဘယ်အခါ ဘယ်လိုသက်သေတွေနဲ့မေးမေး မဟုတ်ဘူးပဲဖြေသည်။ သူ့ကောင်မလေးတွေကလဲ ပြောပဲမရတာလား၊ သဝန်ပဲမတိုတတ်သလား၊ သူပဲဘာပြောထားသလဲ မသိ။စုနဲ့ ၂ယောက်ထဲ ထမင်းစား ကော်ဖီသောက်ထွက်ခြင်းကို ဘယ်တော့မှမတား) ဓာတ်ပုံတွေကြည့်လို့မှ မပြီးသေးခင် စုဖုံးလေးတဖြတ်ဖြတ်နဲ့ လင်းလာသည်။ သေချာတယ် အဲဒါမာန်ပါပဲ။ ပုံတွေကလှပြီး အသက်ဝင်လို့ ငါ Like လုပ်မိတာလို့ မရေမရာ ဆင်ခြေပေးတော့ "အပိုတွေလာမပြောနဲ့စု။ နင်ဘာကိုဘာအချိုးနဲ့လုပ်သလဲဆိုတာ ငါသိပြီးသား။ ငါ့အကြောင်းတွေ နင်သိပါတယ်ဆိုတဲ့ စတိုင်မျိုးနဲ့ လာလုပ်နေတာ။ နောက်ဒါမျိုးထပ်မလုပ်နဲ့" ပြောပြီး အရင်ဖုံးချပြစ်ခဲ့သည်။

မာန်အပေါ် အစစအရာရာ မသိချင်ယောင်ဆောင်ပြီး အရှုံးပေးနေသော်လဲ စုက ခပ်ထုံထုံ၊ခပ်တုံးတုံးမိန်းမတော့ မဟုတ်။ ကျောင်းတက်စဉ်ကရော၊ အလုပ်ခွင်မှာပါ ဆရာ၊ဆရာမတွေနှင့် လုပ်ဖော်ကိုင်ဖက်များကပါ ထူးချွန်ထက်မြက်သူဟုသက်မှတ်ခံရသူ။ မာန်နဲ့ကြမှ ဆုံးဖြတ်ချက်တွေမခိုင်မာပဲ ပျော့ညံ့နေခဲ့တာ အချစ် သို့ ဝဋ်တမျိုးပင်ဖြစ်မည်။ ဒါမှမဟုတ်ရင်တော့ ယုံကြည်ချက်တခုကြောင့် ဖြစ်နိုင်ပါသည်။ ဟုတ်သည်။ စုသည် အနာဂါတ်တချိန်ချိန်တွင် မာန်နှင့်စုအတူမခွဲမခွါရှိကြလိမ့်မည်ဟု ယုံကြည်သည်။ မာန်သည်လဲ စုနှင့်တူတူ ထပ်တူထပ်မျှပင်ဖြစ်လိမ့်မည်။ ထိုအတွက် မာန်သည် စုကိုဘယ်တော့မှပစ်ပစ်ခါခါ လုပ်လိမ့်မည်မဟုတ်။ မာန်အကြောင်းကို စုအချိန်ပြည့်နီးပါးတွေးနေသလို မာန်လဲစုကို သတိရနေလိမ့်မည်။

မထင်မှတ်စွာပဲ မာန်၏စိတ်ထဲတွင် စုလုံးဝရှိမနေကြောင်းသိလိုက်ရသောအခါ တစစ်စစ်နာနေသောရင်ကိုဖိ၍ သည်းသည်းထန်ထန်ငိုမိသည်။ တခါမှမပြောဘူးသော စကားလုံးအကြမ်းများနှင့် ဖုံးပေါက်ကွဲမတတ် အော်ဟစ်ပြစ်ခဲ့သည်။ မာန်၏ စကားလုံးများသည် ငါနှင့်စ၍ ငါနှင့်ဆုံးသည်ကို စုရင်နာလှသည်။ စုက သူ့ကိုလိုက်ပတ်သက်ပါသည်ဟု စွပ်စွဲသောအခါ၊ စုအပေါ်တွင် သူလုပ်ပေးဖူးသောအကြောင်းအရာများကို ပြန်ပြောသောအခါ မာန်မမြင်ရမှန်းသိပါရက်နှင့် ခေါင်းကို တွင်တွင်ခါရမ်းပစ်မိသည်။ "စုကရော မာန်ကိုဘာတွေလုပ်ပေးခဲ့တယ် မာန်လိုအပ်တဲ့အချိန်တိုင်း ဘယ်လိုဘေးနားမှာရှိပေးခဲ့တယ်ဆိုတာတွေပြန်ပြောရအုံးမလား" လို့မေးတော့ မာန်ခေါင်းမာစွာနဲ့ နှုတ်ပိတ်နေလေသည်။

"ငါရှင်းစရာရှိတာတွေ အကုန်ရှင်းပြီးပြီ။ နင် ငါ့ကိုထပ်ပြီးအာရုံတွေလာမစားပါနဲ့တော့" လို့ နဖူးပေါ်တွင်ဝဲကြနေသော ဆံပင်ပျော့ပျော့တွေကို သပ်တင်ပြီး မာန်ပြောသောအခါ စုသူ့အမူအရာတွေကို မျက်နှာလွှဲတတ်ခဲ့ပြီ။ စုဘဝထဲကနေလည်း အပြီးအပိုင်ထွက်သွားပါတော့ လို့မျက်နှာကိုမှ မကြည့်ဘဲ ပြောဖြစ်ခဲ့သည်။ မာန်သည် စုကိုချစ်သော၊ စုအပေါ်ကြင်နာသော၊ စုအပေါ်တွင် အကိုတယောက်ပမာကာကွယ်ပေးတတ်သော၊ အစစအရာရာ နားလည်ပေးတတ်သော စုသိပ်ချစ်ရသည့်မာန်မဟုတ်တော့။ သေသေချာချာပြန်တွေးကြည့်တော့ မာန်ပြောင်းလဲတာတွေ တရေးရေးပြန်မြင်သည်။ စုကသာ စုကိုယ်ပိုင်စိတ်ကူးထဲကနေ အပြောင်းအလဲတွေကိုမြင်အောင် မကြည့်တတ်ခဲ့ ခြင်းဖြစ်သည်။ အိမ်မက်မက်နေသူကို ရေခဲရေနှင့် မျက်နှာကိုပက်ပြီးနှိုးခံရသူလို စပ်ဖြင်းဖြင်းနှင့် လက်ရှိအခြေအနေကို အိတ်ချင်မူးတူးနှင့် စုပြန်ရောက် ခဲ့ပြီ။ လက်ရှိတွင် မာန်သည် စုသိသော ချစ်စရာကောင်လေးမဟုတ်တော့။ စုကတော့စုပင်ဖြစ်သည်။

မာန့်ကို စုရင်ထဲတွင် မေ့ဖျောက်၍ရချင်မှရမည်။ ဒါပေမဲ့ မာန်သည် စု၏အတိတ်ဖြစ်သည်။ ထို့ကြောင့် ထက်မြက်လိမ္မာသောစု၏ အနာဂတ်၊ စု၏ပျော်ရွှင်မှုသည် စုနှင့်သာဆိုင်လေတော့သည်။

Monday 16 September 2013

ဖက်ရှင်ဘာသာစကား (ဝါ) ဗန်းစကား

ဒီတလောတနေ့တခြားတိုးပွါးလာပြီး တခါတလေလုံးဝနားမလည်အောင်ဖြစ်လာတာက ဖက်ရှင်ဘာသာစကား ဒါမှမဟုတ် ဗန်းစကား။

လွန်ခဲ့တဲ့၈နှစ်ကျော် ဒီနိုင်ငံရောက်စက ကိုယ်သိတာ ဂါဝန်၊စကပ်၊ဘောင်းဘီနဲ့ အင်္ကျီ။ ဖိနပ်ဆိုရင် လေဒီရှူး၊ ဒေါက်မြင့်၊ ကြိုးသိုင်း၊ ဝေါကင်းရှူးနဲ့ အထက်တန်းကျောင်းသူဘဝကနေခုချိန်ထိနှစ်သက်မြတ်နိုးနေဆဲ ပုံတော်ဖိနပ်။   လေဒီရှူးဆိုတာ ထိပ်ပိတ်နောက်ပိတ်၊ ကျောင်းသူအရွယ်တွေအများဆုံးစီးတဲ့ ဖိနပ်ကိုခေါ်တာ၊  ဒေါက်မြင့်ကတော့အပျိုအရွယ်ကနေ အန်တီငယ်ငယ်တွေစီးတဲ့ ဒေါက်အမြင့်နဲ့ဖိနပ်ပေါ့၊ ကြိုးသိုင်းက ကြိုးတွေသိုင်းထားတဲ့ဟာ (ရှင်းသွားတာပဲနော်)၊  ဝေါကင်းရှူးကတော့ အားကစားဖိနပ်ပါပဲ။ အောကျန်သေးတယ် ဟတ်ဖ်ရှူး၊ နောက်ပိတ်မပါတဲ့ ဖိနပ်။ ပုံတော်ကတော့ မိတ်ဆက်စရာလိုမယ်မထင်ပါဘူးနော်။

ကျောင်းတက်တုံးက မိဘပေးတဲ့မုန့်ဖိုးနဲ့ဆိုတော့ခုလောက် ရှော့ပင်တွေဂတီး၊ဂတီးမထွက်သေး။ အိမ်နဲ့နီးတဲ့ ရှော့ပင်းစင်တာက ဆိုင်တွေလိုက်ငေး။ အဲဒီတုန်းက tampines mrt ကထွက်ရင် push cardတွေနဲ့ရောင်းတဲ့ ဆိုင်လေးတွေက ဈေးသင့်တဲ့ တီရှပ်လေးတွေ၊ စကပ်လေးတွေဝယ်နဲ့  ဒီတော့မှစကြားဖူးတာက Spaghetti Strap။ လက်ကကြိုးလုံးလေးတွေက စပက်ဂတီခေါက်ဆွဲတွေနဲ့ဆင်တာကိုအစွဲပြုပြီး ခေါ်တဲ့ ဗမာလို ကြိုးတချောင်း ဒါမှမဟုတ် ကြိုးတလုံး အင်္ကျီ။ပထမဆုံးတတ်တဲ့ ဖက်ရှင်ဘာသာစကားအဖြစ်မှတ်တန်းတင်။
Spaghetti Strap - A Spaghetti Strap is a very thin shoulder strap used in clothing, such as camisoles, crop tops, cocktail dresses, and evening gowns, so-named for its resemblance to the thin pasta strings called spaghetti.

အရင်ရုံးမှာအတူတူအလုပ်လုပ်တဲ့ သူငယ်ချင်းကဒေါက်မြင့်ဖိနပ်နှစ်သက်သူ။ ကျမကလဲ ဖိနပ်ရူးဆိုတော့ ရုံးမှာအလုပ်ပါးချိန်၊ ကော်ဖီချိန်တွေဆို လေပေးဖြောင့်လို့။တခါတလေ အိပ်ရာထနောက်ကျလို့ ရုံးချိန်အမှီပြေးရတဲ့အချိန်မျိုးမှာ ဖိနပ်အမြင့်နဲ့အဆင်မပြေလှကြောင်းပြောရင်း သူက "ငါတော့ ဒီတခေါက် ဖိနပ်ဆိုင်ရောက်ရင် ခုခေတ်စားနေတဲ့ Wedges Heels ဝယ်စီးမလားလို့။ လမ်းလျှောက်ရတာပိုကောင်းတယ်" ကိုယ်သိတာ Wedges ဆိုရင် Potatoes Wedges ပဲရှိတော့ ဘေးကနေ အိယောင်ဝါးနဲ့ "အင်း" ပေါ့။ နောက်တယောက်က ဝင်ပြောတယ်။ "Platform Heel" လဲမဆိုးပါဘူး စီးလို့ကောင်းတယ်တဲ့။ လာပြန်ပြီဟဲ့ နောက်တလုံး။ ဘယ်ရမလဲ အဲဒီနေ့က အိမ်ပြန်ရောက်တော့ google ထဲမှာ Wedges Heel Platform Heel ရိုက်ထဲ့ ရှာပြီး ပုံတွေတွေ့တော့ "အော ဒါမျိုး" ပေါ့။
Wedges Heel- A heel where the space under the foot is filled in, giving the appearance of a triangle “wedge” under the arch and heel of the foot when viewed from the side; not to be confused with the “Platform Heel” which refers to a thickened sole under the ball of the foot.

ခုမှစပြီး ဒေါက်မြင့်ဖိနပ်စီးမယ်ဆိုရင် Kitten Heel ကိုစပြီးစီးဖို့ အင်တာနက်နဲ့ YouTubeပေါ်က ဖက်ရှင်ဂုရုတွေကအကြံပေးထားသေးတယ်။ အင်း ကြောင်ပေါက်စလေးတွေရဲ့ ဖိနပ်။ အန် သူတို့ကဖိနပ်မှမစီးပဲ။ googleမှာ ထပ်ရှာတယ် ထပ်တွေ့တယ်။ ၂လက်မထက်နိမ့်တဲ့နိမ့်တဲ့ ဖိနပ်ကိုခေါ်တာကိုး။ ဒါဆို ၂လက်ထက်မြင့်ရင်ရော။ဟင် ဒါကျ "Stiletto" တဲ့။ Cat Heel ဖြစ်ရမှာ။အနိမ့်ကျ Kitten Heel ခေါ်ပြီး.. ထားပါတော့လေ။
Kitten Heel- A short but narrow heel; less than 2″ with a diameter of no more than 0.4″ (1cm) where it reaches the ground.
Stiletto Heel- A heel that is long, narrow, 2″ and above with a diameter of no more than 0.4″ (1cm) where it reaches the ground; generally round or square shaped.

သိပ်မကြာသေးဘူး။ Facebook မှာကောင်မလေးတယောက်က ငွေရောင်ဒေါက်မြင့်ကြိုးသိုင်းဖိနပ်ပုံလေးတင်လာတယ်။ ကျမတို့ မိန်းကလေးတွေ တခဲနက် လက်မထောင်ပြီးအားပေးကြတာပေါ့။ တယောက်ကရေးတယ်။ 
"I love your sandal" တဲ့။ နောက်တယောက်က ပြန်ရေးတယ်။
"No. This is not sandal။This is a pair of heels" တဲ့။ အရင်ကောင်မလေးက ပြန်ရေးတယ်။
"Aww ok" တဲ့။ အသံက အီလည်လည်နဲ့။ (ကိုယ်ထင်တာ ကိုယ်ပြောတာပါ။ :D)
အင်း ရှုပ်တော့ရှုပ်ကုန်ပြီ။ လက်က ဒီတခေါက် မီးမြေခွေးကို ခိုင်းလိုက်တယ်။ ဒီလိုတွေ့တယ်။
Sandal- A shoe where the upper portion consists of one or more straps running over the foot and is more open in design then other shoe.
အနိမ့်အမြင့် ဘာမှမပါ။ ဗမာလိုလွယ်လွယ်ပြောရရင် ကြိုးသိုင်းဖိနပ်။ သေချာအောင် ဓာတ်ပုံတွေကြည့်တော့ အများအားဖြင့် ဖိနပ်အပါးတွေ။ ရုံးက Politics ကောင်းတဲ့ ဦးဦး ဒေါ်ဒေါ်တွေလိုပြောရရင် ပထမတယောက်က Techically မှန်ပြီးတော့ ဒုတိယတယောက်က ယေဘူရ (Generally) မှန်တယ်ပေါ့နော်။နေဦး၊ နေဦး လေဒီရှူးလို ဖိနပ်အပိတ်ကြိုးသိုင်းလေး ပါတာကျတော့ တမျိုး။ "Mary Jane" တဲ့။
Mary Jane- A “Mary Jane” is a shoe very similar to a “pump” with an additional strap running horizontally across the middle of the foot from one side to the other, usually closed with a buckle.

ဖိနပ်ပဲရှုပ်သလားဆိုတော့လဲ မဟုတ်ပြန်ပါဘူး။
ရုံးအားရက်တရက်အိမ်မှာ Fashion Police ဆိုတဲ့ TV Program တခုကြည့်နေတုန်း "ဂျီး" လို့ချစ်စနိုးခေါ်ကြတဲ့ ဂျူလီယာနာက ဆယ်လယ်ဗရစ်တီတယောက်ရဲ့ ၀တ်စုံကိုကြည့်ပြီး "This is so Avant Garde" တဲ့။ ဘေးကအတူထိုင်နေတဲ့ သူငယ်ချင်းကိုမေးဖို့ကြံရုံရှိေ
သး သူကအရင်ဦးသွားပါတယ်။
"ဟဲ့ အာဗန်ဂတေး ဆိုတာ ဘာတုန်း"
ကိုယ်ကတခုခုဆို ဟိုစပ်စပ် ဒီစပ်စပ်ရှိတတ်လို့ အထင်တကြီးနဲ့မေးတာကို ဟန်ကိုဖို့ရင်း
" အင်း....... အီတာလျံ စကားထင်တယ်။"
ဂျီးက အီတာလျံလူမျီူးဖြစ်တာမို့ ထင်သလိုရမ်းတုတ်လိုက်တာပါ။ သူငယ်ချင်းက အားနာလို့ပဲလား ဘာတွေသဘောပေါက်သွားလည်းမသိ ထပ်မမေးပါဘူး။ ကျမရဲ့လက်ဆွဲတော် Google လေးနဲ့ သွားကြည့်တော့မှ ... လားလားမှမဆိုင်ပါတကား။ Avant Garde ဆိုတာပြင်သစ်စကား အများနဲ့မတူ ထူးထူးခြားခြားရှိတဲ့ ဒီဇိုင်းကိုခေါ်တာ။


Avant-garde in fashion is actually to make clothing that not only looks unusual, but works or fits in a different way to normal clothing, and the overall image and how it is combined with other parts of an overall outfit will be a big part of the image that is portrayed.  

http://rosaxmaria.blogspot.sg/2010/10/avant-garde.html


နောက်တခုက Haute couture။ ဆယ်လယ်ဗရစ်တီတွေ ကော်ဇောနီခင်းတဲ့ပွဲတွေတက်တဲ့အခါ ဝတ်တဲ့ တချို့ညနေခင်းဝတ်စုံတွေကို Haute coutureလို့ပြောကြပါတယ်။ ကျမထင်တာက ကိုယ်မသိတဲ့ ဟောလီးဝုတ်က နာမည်ကြီး ဒီဇိုင်းနာပေါ့လေ။ မှတ်မှတ်ရရ ဒီအကြောင်းဆွေးနွေးတုန်းက ရုံးကနေ့လည်စာစားချိန်မှာ။ Haute couture ဆိုတာ ဝတ်မဲ့သူအတွက်ရည်ရွယ်ပြီး ဒီဇိုင်းနာက ချုတ်ပေးတဲ့ ဝတ်စုံလဲဆိုရော "ဟယ် ဒါဆိုငါတော့ဝတ်နေတဲ့ မြန်မာရိုးရာဝတ်စုံတွေအားလုံးက Haute couture ပေါ့။" ဟုတ်တယ်လေ။ ကိုယ်ကြိုက်တဲ့ ပိတ်စနဲ့ ကိုယ်ကြိုက်တဲ့ ပုံစံကို အပ်ချုပ်ဆိုင်သွားပြီး ကိုယ့်ကိုယ်တိုင်းနဲ့ချုပ်ခိုင်းတာ ဒီထပ် Haute couture ကြတာဘာရှိမတုန်း။

Haute couture - exclusive clothes, often individually designed and customised for private clients. Haute couture is often used to describe the work of top fashion designers but, strictly speaking, the term applies to only a handful of Paris fashion houses

လွန်ခဲ့တဲ့၎၊၅လလောက်ကတော့ စင်ကာပူမှာခေတ်စားလိုက်ပါတဲ့ Peplum။ ဟိုနေရာသွားလည်း peplum၊ ဒီနေရာသွားလည်း Peplum။ ဒီနိုင်ငံက တရုတ်မ ပိန်ပိန်လေးတွေ peplum နဲ့ကိုယ်လုံးတွေလှသွားလိုက်တာများ။ peplum ဆိုတာ ခါးကနေ တင်ရိုးပေါ်ကိုကားသွားတဲ့ အကျီပုံစံ။ ခါးလေးသေးသွားသလိုမျီူး ဖြစ်သွားပါတယ်။ ဒီတခါလဲကျမကို သင်ခန်းစာပေးသွားတာ ဆိုင်က၀န်ထမ်းအမျီူးသမီးပါပဲ။ ဒါကအခုခေတ်စားနေတဲ့ peplum ဆိုတော့ အူကြောင်ကြေင်ပြန်ကြည့်နေတဲ့ကျမကို အကျီယူလာပြပါတယ်။ မိန်းကလေးတွေခါးပေါ်မှာ ဒါမျီူးတွေ့နေ၊ မြင်နေပေမယ့် အခေါ်အဝေါ်မှမသိတာကို။


Peplum -A ruffle attached to the waistline of a skirt or a dress. Super cute and hides flaws.

Peplumတွေဘယ်လောက်ပေါ်ပေါ် ကျမစိတ်ဝင်စားနေတာက Bandage Dress ပါ။ တိုက်ရိုက်ဘာသာပြန်ရင်တော့ ပတ်တီးများနှင်ပြုလုပ်ထားသောဂါဝန်။ အီဂျစ်က မမ်မီရုပ်ကြီးတွေမြင်ယောင်ကုန်ကြပြီမှတ်လား။ (နည်းနည်း တော့တူပါတယ်။ :D) ပတ်တီးစ ၁ လက်မအရွယ်အပြားလေးတွေနဲ့ကပ်ချူပ်ထားတဲ့ ပုံစံမျီူးနဲ့ဆင်ပါတယ်။ ဒီ ဒီဇိုင်းကလဲ ၀တဲ့သူရော၊ ပိန်တဲ့သူပါ နှစ်သက်တဲ့ပုံမျီူး။ အကျီအသားကတော်တော်ထူတာဆိုတော. ခနွာကိုယ်ပေါ်မှာ မလိုပဲပိုနေတာတွေကို ချပ်ချပ်ရပ်ရပ်ဖြစ်သွားစေတယ်လေ။ သူငယ်ချင်းတယောက်ကဆ်ုအမြဲ စပါတယ်။ နင်တို့မိန်းကလေးတွေ မမ်မီသရဲတော့ကြောက်ကျတယ်။ ဒါပေမယ့် မမ်မီနဲ့တူမှာတော့မကြောက်ကြဘူးတဲ့။ 
Bandage Dress -A dress made of horizontal stripes of elasticy material that makes you feel like a sausage, but in a sexy way.

Fashion magazine တခုမှာဖတ်လိုက်ရတယ်။ Grunge ဖက်ရှင်တွေပြန်ခေတ်စားနေပြီတဲ့။ လာပြန်ပီလား။ ကိုယ်သိတဲ့ Grunge က မြူးဇစ်တမျီူးပါ။ ဘယ်လိုလုပ် ဖက်ရှင်ဖြစ်သွားပါလိမ့်။  ခုတခါတော့ လက်စွဲတော် google နဲ့တန်းမရှာပဲ ဦးရှံစားလိုတွေးကြည့်လိုက်တော့ထူးထူးခြားခြားမှန်သွားပါတယ်။ Grunge ဂီတသမားတွေဝတ်တဲ့ သားရေဂျက်ကက်တွေ၊ အနားဖွာနေသော၊ stone wash, acid wash လုပ်ထားပြီး အရောင်မှိန်နေတဲ့ ဂျင်းတွေ၊ ဖလန်ထည်အကျီတွေ၊ သံတွေကပ်ထားတဲ့ဘောင်းဘီ၊ အပေါ်ထပ် လက်ပြတ်ခါးတို ပုံစံမျိုးတွေပါ။ မနေနိုင်စွာနဲ့ အင်တာနက်မှာ ရှာကြည့်တော့ ဒီမှတ်ချက်လေးဖတ်ရပါတယ်။
"Grunge fashion ဆိုတာ အိမ်ထဲကနေ ၀တ်ကောင်းစားလှတွေဝတ်ပြီး အပြင်ထွက်အလာ တယောက်ယောက်က ဂိုထောင်ထဲကို တရွတ်တိုက် ဆွဲခေါ်သွားတာခံရပြီး ပြန်ထွက်လာတာနဲ့တူပါတယ်" တဲ့။ ဂိုထောင်ထဲကို တရွတ်တိုက်ဆွဲတာခံရတော့ ဖုံတွေပေ၊ အကျီ ဘောင်းဘီအောက်နားတွေ ဖွာလန်ကြဲ၊ တစေ့စေ့တွေးပြီးတရေးရေး မျက်စိထဲပေါ်ပါတယ်။
"This trend had it's greatest moment in the 90's, and I kind of like it and kind of hate it, it looks like you got dressed then got dragged through a warehouse by friends before going out. Think distressed denim, plaid shirts, leather jackets, Doc Martens, beanies and smokey eyes."

ဖက်ရှင်ဆိုတာ အနုပညာတခုပဲမို့ တီထွင်ဖန်တီးသူ ဖန်တီးနိင်သမျှတော့ ဒီဇိုင်းအသစ်အဆန်းတွေ၊ ထွက်လာတဲ့ ဒီဇိုင်းနဲ့ပတ်သက်တဲ့ စကားလုံးအသစ်အဆန်းတွေတခုပြီးတခုထွက်လာအုံးမှာပါပဲ။ အကျီအ၀တ်အစားသာမက ဖက်ရှင် accessories တွေမှာပါ ကိုယ်မသိတဲ့ နာမည်တွေအမျီူးမျီူး။ စိတ်ဝင်စားတဲ့သူတွေအဖို့တော့ အားလပ်ချိန်တွေမှာ ဟိုဟိုဒီဒီလျှောက်ဖတ်ရင်း အပျင်းလဲပြေ၊ ဗဟုသုတလဲရပေါ့။ 

ဘာရယ်တော့မဟုတ်ပါဘူး။ အသစ်မတင်ဖြစ်တာလဲ နည်းနည်း ကြာသွားပြီဆိုတော့ စိတ်ထဲမှာရှိတာလေးတွေပေါ့ပေါ့ပါးပါး ချရေးလိုက်ပါတယ်။

Monday 2 September 2013

ပီနန်ကျွန်းက Peranakan Mansion II

Peranakan Baba Nyonyas ဆိုရင် အရင်ကတရုတ်လူမျိုးနဲ့မလေးလူမျိုး ပေါင်းစပ်ရာကဖြစ်လာတယ်လို့ ထင်ခဲ့တာ တကယ်က အင်ဒိုနီးရှားနဲ့ ပင်နီဆူလာမလေးရှား ဘက်ကို ရေကြည်ရာ မြက်နုရာပြောင်းလာတဲ့ တရုတ်လူမျိုးတွေရဲ့ အဆက်အနွယ်တွေပါပဲ။ တရုတ်အဆက်အနွယ်တွေဖြစ်တာကြောင့် တရုတ်စကားပြောတတ်တဲ့ အပြင် နယ်ခံတွေရဲ့ဘာသာစကားတွေနဲ့ English ဘာသာကိုပါ ကျွမ်းကျင်တာမို့ အများစုက ကုန်သည်အလုပ်နဲ့အသက်မွေးပါတယ်။ Englishလူမျိုး တရုတ်လူမျိုးနဲ့ နယ်ခံမလေး၊အင်ဒိုလူမျိုးတွေကြားသူတို့ကလွယ်လွယ်ပြောရရင်ပွဲစားပါပဲ။

Peranakan တွေရဲ့အယူ၊ အလေ့အထတွေက တရုတ်လူမျိုးတွေနဲ့ဆင်တူပေမယ့် အမျိုးသမီးတွေရဲ့အ၀တ်အစားနဲ့ အစားအစာပုံစံတွေကျတော့ နယ်ခံမလေးလူမျိုးတွေနဲ့တူပါတယ်။ 

အိမ်ထောင့်က နတ်စင်

အိမ်နောက်ဘက်က Praying Hall


"Baju Kurung" လို့ခေါ်တဲ့ ညိုညအမျိုးသမီးဝတ်စုံ 


ညိုည အမျိုးသမီးတွေရဲ့ဝတ်စုံက မလေးအမျိုးသမီးတွေရဲ့ ရိုးရာဝတ်စုံနဲ့တူတူပါပဲ။ စကတ်အရှည်ပေါ်မှာ ခြေသလုံးတဝက်ထိအရှည် အပေါ်အကျီလက်ရှည်နဲ့ပါ။ ကော်လာမပါတဲ့ ရိုးရိုးအကျီပုံစံပေါ်မှာမှ ရွှေကြယ်သီး အမျိုးမျိုး၊ ဆွဲကြိုး၊ ရင်ထိုးပုံစံအမျိုးမျိုးနဲ့ ဝတ်ကြတာဆိုတော့အကျီပုံစံ တမင်ရိုးထားသလားတောင် ထင်ရပါတယ်။ "အိမ်ထောင်ကျပီးဖြစ်တဲ့ ညိုညအမျိုးသမီးတွေဟာ အရောင်တမျိုးထဲကိုပဲ တနှစ်ပတ်လုံးဝတ်ဆင်ရပါတယ်။ ပထမနှစ်က မီးခိုးရောင်ပါ" လို့လဲ ဝန်ထမ်းတယောက်ကရှင်းပြရော ကျမမျက်နှာကြီး ရှုံ့မဲ့သွားတာများ.. The Little Nyonya ကြည့်ပြီးကတည်းက Nyonya ယဉ်ကျေးမှု၊ အဝတ်အစားနဲ့အသုံးအဆောင်တွေကို ကျမသဘောကျနေမှန်း သိနေတဲ့ အတူလိုက်လာတဲ့သူငယ်ချင်းက စပါတယ်။
"နင်ညိုည ယဉ်ကျေးမှု၊ အဝတ်အစားတွေကို ကြိုက်တယ်ဆို" တဲ့..
မိန်းမတွေကို ဟိုဟာပဲဝတ်ရမယ် ဒါမလုပ်ရဘူးဆိုတဲ့ ချုပ်ခြယ်တာမျိုးကိုမကြိုက်တာက တမျိုး၊ ပြီးတော့ ညားခါစလင်မယား ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင်၊ လှလှပပနေရမဲ့ဟာကို... ဘယ့်နှယ် ဒီအရောင်မှိုင်းမှိုင်းကြီးကိုမှ တနှစ်ပတ်လုံး အတင်းဝတ်ခိုင်းရတယ်လို့။ သတို့သမီးက ကြိုက်နှစ်သက်တာဆိုတမျိုးပေါ့။
"ဟင့်အင်း မြန်မာပဲလုပ်တော့မယ်" လို့ ခပ်သွက်သွက်လေး ပြန်ပြောဖြစ်ခဲ့တယ်။

ရင်ထိုးနဲ့ ကြယ်သီးတွေ။



တခြားမူကွဲ ဝတ်စုံတမျိုးကတော့ Kebayaပါ။ Kebayaကို အင်ဒိုနီးရှားက ညိုညတွေဝတ်ကြပါတယ်။ ပါတိတ်လုံချည်နဲ့တွဲဝတ်တာပါ။  ပိုပြီးခေတ်မှီလှပတဲ့ ရိုးရာဝတ်စုံပါ။ မြန်မာဝတ်စုံနဲ့ တော်တော်ကြီးကိုတူပါတယ်။ အကျီရှေ့မှာ ပန်းတွေကို ချည်ရောင်စုံနဲ့လှအောင်ထိုးထားတာဆိုတော့ Kebaya တထည်၊ တထည်ကို တော်တော်ဈေးကြီးပါတယ်။ 


ပန်းအနီးကပ်
နားကပ်ပုံစံအမျိုးမျိုး



အမျိုးသမီးတွေရဲ့ မရှိမဖြစ် (handmade) ဒေါက်မြင့်ဖိနပ်များ 



သတို့သမီးအတွက် ဆံထိုးတွေ (ဒါက Touristsတွေကို ဆံထိုးမျိုးစုံပြချင်လို့ စုံနေအောင်ထိုးထားတာမဟုတ်ပါဘူး။ ဧည့်ခံပွဲမှာ သတို့သမီးရဲ့ လူနေမှုအဆင့်အတန်း၊ ပြည့်စုံကုံလုံမှုကိုပြဖို့ ဒီလိုအများကြီးထိုးရပါတယ်။)

 ရွှေအစစ်နဲ့ ရက်ထားတဲ့ပိုက်ဆံအိတ် 

ပုံမှန်အားဖြင့်တို့ ပြည့်စုံတဲ့ Peranakan အိမ်တအိမ်ရဲ့အသုံးအဆောင်တွေကရွှေတွေချည်းပါ။ ကန့်လကာချိတ်လဲ ရွှေ၊ ပန်းနံ့သာထည့်တဲ့အိုးကလဲရွှေ၊ နားဖာကလော်၊ သွားကြားထိုးတံကအစရွှေဆိုတော့ ကျမတို့လိုပဲအလည်လာတဲ့ အမျိုးသားတယောက်က မှတ်ချက်ချပါတယ်။ "အရင်က ရွှေကတော်တော်ဈေးပေါရမယ်" တဲ့။ ကျမတို့သိတဲ့အတိုင်း ရွှေဆိုတာမျိုးကအစဉ်အဆက် ဘယ်တုံးကများပေါဖူးလို့လဲ။ အရင်က ခုခေတ်လောက်မရှားရင် နေမယ်၊ တန်ဖိုးတော့ရှိမှာပါပဲ။ ဒါပေမဲ့ ပစည်းတခုကို လိုတာထက်ပိုပြီးပေါပေါများများ မြင်ရတဲ့အခါ ပစည်းတန်ဖိုးက စိတ်ထဲမှာအလိုလို လျော့သွားတတ်ကြပါလားလို့ ဖျတ်ခနဲတွေးလိုက်မိတယ်။ 

တခြား အိမ်မီးဖိုချောင်အသုံးအဆောင်တွေဖြစ်တဲ့ ပန်းကန် ခွက်ယောက်တွေကိုတော့ ထမင်းတည့်ခင်းမဲ့ ဧည့်သည်ပေါ်မှာမူတည်ပြီး ပြင်ဆင်လေ့ရှိပါတယ်။ အနောက်နိုင်ငံက ကုန်သည်တွေအတွက်ထမင်းစားပွဲကို အနောက်နိုင်ငံတွေရဲ့ထုံးစံအတိုင်း ဇွန်း၊ခရင်း၊ဓား၊ ဝိုင် အရက်အစုံအလင်နဲ့ England ကလုပ်တဲ့ ပန်းကန်များနဲ့တည့်ခင်းပါတယ်။ရှေးခေတ် တရုတ်ပြည်ဖြစ် ပန်းကန်အထူတွေကိုလဲ ပြထားပါတယ်။ Wedding ဆိုရင် သုံးရတဲ့ ပန်းကန်အမျိုးအစားက နောက်ထပ်တမျိုးပါ။ Wedding အတွက် သုံးတဲ့ ပန်းကန်တွေကိုပုံမှန်အချိန်တွေမှာသုံးလေ့မရှိပါဘူး။ကျမလို သမီးတယောက်ထဲရှိတဲ့ အိမ်ဆိုရင်တော့ ဒီပန်းကန်တွေ တခါသုံးပြီး ချောင်ထိုးထားရမှာပါပဲ။ နှမျောစရာကြီးနော်။


ဒါက Wedding မှာသုံးတဲ့ ပန်းကန်ပါ။ ဖီးနစ်ငှက်က သားသမီးတိုးပွါးစေပြီး အိမ်ထောင်ရေးကံကောင်းစေတယ်လို့ အယူရှိပါတယ်။


Peranakan Baba Nyonyas တွေရဲ့ ယဉ်ကျေးမှု၊ အသုံးအဆောင်တွေကို ကြည့်ရင် တခြားအရှေ့တောင်အာရှက လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုတွေ၊ အသုံးအဆောင်တွေ နဲ့နဲနဲစီရောနေတယ်လို့ ကျမတော့မြင်ပါတယ်။ ပီနန်ကျွန်းကို အလည်ရောက်လို့ စိတ်ဝင်စားတယ်ဆိုရင်တော့ သွားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ 

ကျမနဲ့ Blog ပေါ်ကနေပြီး Penang Peranakan Mansion ကိုအတူလိုက်လည်တဲ့သူတွေကကိုလဲ အများကြီးကျေးဇူးတင်ပါတယ်နော်။

Tuesday 27 August 2013

နောက်ကျနေသော အိတ်တလုံး (တဂ်ပို့စ်)

တခါမှတဂ်ပို့စ်ကိုမရေးဖူးပါဘူး။ မမသက်ဝေက အိတ်မှောက်ဖာသွန် နှစ်ဆယ့်ခွန်ဆိုပြီး ရေးဖော်ရေးဖက်အားလုံးကိုတဂ်ပါတယ်ဆိုတော့ ဘယ်ပြောကောင်းမလဲ။ ခုမှ စာစရေးပြီး ကိုယ့်ဘာကိုယ် အတင်း စီနီယာအကို အမတွေရဲ့ စာရေးဖော်လုပ်ပလိုက်တယ်။ ဒါပေမဲ့ သိတယ်မှတ်လား။ စိတ်ထဲမှာတော့ ငါ့အိတ်က ဒီအမလောက် မများပါဘူးပေါ့။ ရေးစရာမှရှိပါ့မလားလို့ တွေးတောင်ပူလိုက်သေး။ ဒါပေမဲ့ပေါ့လေ...

ပိုက်ဆံအိတ်ထဲမှာ
-တထွာခန့်ရှည်ပြီး ၁လက်မခန့်ထူသော မိန်းခလေးကိုင် အညိုရောင်သားရေ ပိုက်ဆံအိတ်တလုံး။ ပိုက်ဆံအိတ်ထူနေတာ အားလုံးထင်နေကြတဲ့အတိုင်း ပိုက်ပိုက်တွေမဟုတ်ပါဘူး။ ဘဏ်ကဒ်၊ ခရက်ဒစ်ကဒ်၊  စင်္ကာပူပီအာကဒ်၊ အိမ်နားကmallမှာ ခေါင်းလျှော်ရည်လို၊ ဆပ်ပြာရည်လိုမျိုး တခုခုလိုရင်အလွယ်တကူ ပြေးဝယ်နေကြ "watson"ကဒ်နဲ့ ဖိနပ်မြင်မနေနိုင် မထိုင်နိုင်ဝယ်ဖြစ်လွန်းလို့ မဖြစ်မနေထည့်ထားတဲ့ "Charles & Keith"က ကဒ်အမဲလေး။ နောက်ပြီး ပိုက်ဆံအိတ်နောက်က အကန့်ထဲမှာ ပလက်စတစ် အိတ်သေးသေးလေးနဲ့ ထည့်ထားတဲ့ ရုပ်ဆိုးဆိုးနဲ့ Passport ပုံတချို့( ခရီးသွားလို့ visa လျှောက်ရင် ရုပ်ဆိုးပုံတွေထပ်ပြီး မရိုက်ရစေရန် ) ပိုက်ဆံဆိုလို့ ၁၀တန် တချို့ရယ်၊ မြန်မာပြည်ပြန်တုံးကLuckရွှင်တယ်ဆိုပြီး သူများပေးထားတဲ့ ၅၀၀၀တန် တရွက်ရယ် ဒါပဲရှိတယ်။ ဘာတွေမှန်းမသိ ခေါက်သိမ်းထားတဲ့ စာရွက်တွေကို ဘယ်သူမှမမြင်ခင် လွှင့်ပစ်လိုက်သည်။
-ချည်ထည် အမည်းနဲ့ခရမ်းစပ်ထားတဲ့ မြန်မာပြည်ဖြစ်နောက်ထပ် ပိုက်ဆံအိတ်တလုံး။ဒီအိတ်ကို အများအားဖြစ် ရုံးကနေ နေ့လည်စာထွက်စားတဲ့အခါသုံးပါတယ်။အထဲမှာ ၁၀တန် တချို့၊၂ကျပ်တန် တချို့ နဲ့ ချမ်းသာသမျှ အကြွေ တွေပါ။ ကျမက တကျပ်နဲ့ပြား၅၀ အကြွေကိုစုဘူးထဲထည့်ပါတယ်။ စုဘူးသုံးတဲ့ အကြောင်းရင်းက အကြွေတွေက လေးလို့ပါ။နောက်တခုက စုဘူးဖောက်ရင် ၁၀၀မျိုး ၂၀၀မျိုးပိုက်ဆံထွက်လာတာဆိုတော့ shopping လုပ်ဖို့ အပိုရတာပေါ့။ဟုတ်ဘူးလား။ ဒီထဲမှာနောက်ထပ်တွေ့တာ ဘယ်တော့မှ မသုံးဖြစ်တဲ့ ကလစ်အသေးတခု၊ Challenger ကအလကားရထားတဲ့ ပန်းရောင် 8G thump drive တခု။
-ရာသီမရှိပဲ နေပူလိုက်၊ မိုးရွာလိုက်ဖြစ်နေတဲ့ ဒီနိုင်ငံမှာ ထီးမယူဘဲ နေပူကြီးထဲလျှောက်သွားလို့ အပူရှပ်လိုက်၊ မိုးရွာထဲဖြတ်ပြေးလို့အအေးပတ်လိုက်ဖြစ်နေတဲ့ ကျမကိုမကြည့်ရက်လို့ သူငယ်ချင်းအမေဝယ်ပေးသွားတဲ့ သရက်သီးတံဆိပ် ပန်းရောင်ထီးတချောင်း။
-ရုံးထဲဝင်ဖို့ ကဒ်။
-ရထား၊ ကားစီးဖို့ EZ link ကဒ်။
-အနက်ရောင်မှန်ဝိုင်းလေးတခု၊ အဆီစုပ်စက္ကူ တထုတ်၊ Macက မျက်နှာလိမ်း  ပေါင်ဒါတဗူး ၊ နှုတ်ခမ်းနီ ၃တောင့်က ကိုယ်အပူချိန်ကိုလိုက်ပြီး အရောင်ပြောင်းတယ်လို့ ကြေငြာတဲ့ အဆီတမျိုး၊ လက်ဆောင်ရပြီး ကျမနဲ့သိပ်မလိုက်ပေမဲ့ ဆိုးဖြစ်နေတဲ့ ပန်းရောင် တတောင့်၊ လိမော်ရောင် နောက်ထပ်တတောင့် (တခါမှ ရုံးမှာထုတ်မဆိုးဖြစ်၊ ဘာကြောင့်သယ်နေမှန်းမသိ)
-Evelyn Crabtree Hand cream တတောင့် နဲ့ အစုံသုံး လိုးရှင်းတဘူး။ (ဒါလဲ တော်ရုံထုတ်မလိမ်းဖြစ်)
-ရေမွှေးအဆီပုလင်းသေးသေးလေးတခု၊ မှတ်မှတ်ရရ Arab Stက ဝယ်လာတာ၊ နည်းနည်းသုံးပြီး အနံ့အရမ်းချိုအီလို့ အခုမကြိုက်တော့။
-ခင်ပွန်းကြီးဆယ်ပါး ကန်တော့နည်း စာရွက်နဲ့ ရုံးသွားရုံးပြန်လမ်းမှာရွတ်ဖို့ ရည်ရွယ်ပြီးထည့်ထားတဲ့ ပရိတ်ကြီးဆယ့်တသုတ် မြန်မာပြန် (အမေကတော့ပြောတယ်. ဘုရားစာအုပ်လေးပါတာတော့ မဆိုးပါဘူးတဲ့။ သူ့သမီး အမြဲမရွတ်ဖြစ်တာ သိပုံတော့ရသား)
-Pasco ပန်းရောင် - သုံးနေဆဲ tissue တထုတ်။
-Menthol တတောင့်။
-Ibanking remote တစ်ခု
-ဟိုနေ့ကမှ အောက်ပြုတ်ကျပြီးကြေသွားတဲ့ မှန်နဲ့ရုပ်ဆိုးနေတဲ့ iphoneလေးနဲ့ ဖြစ်သလိုထည့်ထားတဲ့ နားကျပ်။
-ebook တွေနဲ့ သီချင်းတွေထည့်ထားတဲ့ အဖုံးအနီနဲ့ Ipadလေး။
-ဘောပင် ၂ချောင်း၊ တချောင်းက မီးထွန်းဖို့ (ဟီး စတာ)။ တချောင်းက အပြာရောင် ဘောပင်သေးသေးလေး။ ပုလဲ သရဖူလေးပါလို့ ဒီဇိုင်းလေးချစ်လို့ ထည့်ထားတာ၊ ရေးလို့ကတော့ မကောင်း။ ဒီတော့ရေးကောင်းတဲ့ Uni ball နောက်ထပ် အနက်ရောင်တချောင်းထပ်ထည့်။
-ရှိသမျှ သော့တွေတွဲထားတဲ့ သော့တွဲတခု။



ဒါကတော့ နေ့စဉ်ကျမ အိတ်ထဲမှာပါနေကျတွေပါ။ သွားမည့်နေရာနဲ့ အချိန်ကိုလိုက်ပြီး တခါတလေ အိတ်ထဲမှာ ပုဝါလဲပါ၊ cameraလဲပါနဲ့ ကျမကတော့ အိတ်ကြီးကြီးကိုင်ပြီး ကြုံသလိုကို ပစ်ထည့်နေတော့တာ။  နေမကောင်းပဲ ရုံးသွားတဲ့ရက်တွေဆို Raffle Medical ဆေးအိတ်လေးတောင်ပါသေး။ အိတ်ထဲမှာရှိတာတွေချရေးပြီးတော့ "ငါ့အိတ်က ဒီအမလောက် မများပါဘူး" လို့  အရင်ကတွေးမိတာ ပြန်တွေးမိတော့ အသံထွက်အောင်တောင်ရီမိသေးတယ်။ ပြီးတော့ ကျမအိတ်က သူများတွေလို ပစ္စည်းတွေက သူ့အမျိုးအစားနဲ့သူ သပ်သပ်ရပ်ရပ်၊စီစီရီရီထည့်ထားတာ မဟုတ်ဘူးရယ်။ အိတ်ကြီးထဲက အတွင်းအိတ်လေးတွေထဲ  ကြုံသလိုထည့်ထားတာလေး။ ကိုယ့်အိတ်ကိုကိုယ်ပြန်ကြည့်ပြီး "အော် ..ငါတို့ငယ်ငယ်ကသင်ရတဲ့ အရူးလွယ်အိတ်ဆိုတာ ဒါမျိုးနေမှာ" လို့တွေးရင်း ဒီ တဂ်ပို့စ်ကို ချစ်ခင်စွာရေးပါသည်။

Saturday 24 August 2013

ပီနန်ကျွန်းက Peranakan Mansion

လွန်ခဲ့တဲ့လက မလေးရှားနိုင်ငံ ပီနန်ကျွန်းကို အလုပ်က လွှတ်တာနဲ့ခဏရောက်ခဲ့ပါတယ်။ ရောက်ရောက်ချင်း လေယာဉ်ပေါ်ကဆင်းတာနဲ့ အထုပ်ကို ဟိုတယ်ပေါ်မှာဝင်ချ၊ ပီနန်က သူငယ်ချင်းကိုအဖေါ်ခေါ်ပြီး ထင်ရှားတဲ့ Peranakan Mansion ကို ပထမဦးဆုံးသွားခဲ့ပါတယ်။ အလုပ်ပိတ်ရက်ဖြစ်တာကတကြောင်း၊ီနန်ကျွန်းကို လောလောလတ်လတ် World UNESCO organization က Heritage Town အဖြစ် ကြေငြာလိုက်တာက တကြောင်းကြောင့် လာလည်သူတွေကြိတ်ကြိတ်တိုးပါပဲ။ မင်္ဂလာပွဲအတွက် အကြိုဓါတ်ပုံလာရိုက်ကြသူတွေလဲ တပုံတပင်။ ၀င်ကြေးက အမှတ်မမှားဘူးဆို ၅၀ရင်းဂစ်ပေးရပါတယ်။ နည်းနည်းဈေးကြီးပေမယ့် တအိမ်လုံး ကြိုက်သလို ဓါတ်ပုံ ရိုက်ခွင့်ပေးတော့ တန်တယ်ပဲဆိုပါတော့။

အိမ်ထဲကိုဝင်တာနဲ့ The Little Nyonya ထဲကအိမ်ကြီးထဲကိုရောက်သွား သလိုပါပဲ။ ၁၉ရာစုက ဆောက်ခဲ့တဲ့အိမ်ကြီးက လက်မှုအနုပညာတွေနဲ့ တခမ်းတနားပါ။ ကျမသဘောအကျဆုံးက ဝင်သွားတာနဲ့ လင်းချင်းနေတဲ့ အိမ်မကြီးရဲ့ အလည်ခန်းပါ။ အိမ်ပုံသဏ္ဍန်က ၂ထပ်အိမ်အမျိုးအစားကို အလည်ကခေါင်မိုးအမြင့်နဲ့ ဘေးက အခန်းတွေရန်ထားတဲ့ပုံမျီုးမို. နေရဲ့အလင်းရောင်က အိမ်မကြီးရဲ့အလည်ခေါင်မိုးအမြင့်ကနေ တအိမ်လုံးကိုဖြာနေတော့တာပေါ့။

ဒီပုံကို peranakanmansion.com.my website ကယူတာပါ။ အိမ်ဝင်ဝင်ချင်း ဘယ်ဘက်မှာရှိတဲ့ ဧည့်ခန်းပေါ့။ ဧည့်ခန်းရဲ့ နောက်က ကနုတ်ပန်းတွေနဲ့ဒီဇိုင်းဖော်ထားတဲ့သစ်သားတခါးက အိမ်ထဲကို evil spiritတွေ အပြင်ကနေတိုက်ရိုက် တန်းဝင်မလာနိုင်အောင်တားထားတဲ့တံခါးလဲဖြစ်ပါတယ်။ အမျိုးသားဧည့်သည်တွေက ဒီတံခါးကိုကျော်ပြီး အိမ်ထဲကိုဝင်လေ့ မရှိပါဘူးတဲ့။ ပြီးတော့ အိမ်မှာရှိတဲ့ Peranakan အမျိုးသမီးငယ်လေးတွေက ဒီတံခါးနောက်ကွယ်ကပဲ ဧည့်သည်တွေကိုချောင်းကြည့်လေ့ရှိကြပါတယ်တဲ့။ ကျမရိုက်တဲ့ ပုံထဲမှာ ဒီလောက်ရည်ရွယ်ချက်မျိုးစုံအတွက် အသုံးဝင်တဲ့ တံခါးမပါလို့ ပုံကိုwebsite ကယူပြတာပါ။ =)


အိမ်မကြီးရဲ့အထက်၊အောက် အခန်းတွေကုန်အောင် အချိန်ပေးပြီးကြည့်ခဲ့တာ အိပ်ခန်းတံခါးမှန်ကစလို့ ဝရန်တာ တိုင်လုံးတွေအဆုံး plainဖြစ်တဲ့နေရာ မရှိသလောက်ကို ရှားပါတယ်။ နေရာတိုင်းမှာ ကနုတ်ပန်းလက်ရာ၊ ပန်းပုလက်ရာ၊ ပန်းချီမျိုးစုံနဲ့ အိမ်ကိုအလှဆင်ထားပါတယ်။ ပြောင်နံရံတွေရဲ့ ရှေ့မှာတော. ထိုင်ခုံနဲ့ အလှစားပွဲ၊ ဒါမှမဟုတ် တရုတ်ကြွေပန်းအိုး အကြီးကြီးတွေနဲ့ ပြင်ဆင်ထားပါတယ်။ ဝန်ထမ်းတွေရဲ့ပြောပြချက်အရ အိမ်ကိုရှေးကထားခဲ့တဲ့အတိုင်း လက်ရာမပျက်ထားထားတာဆိုတော. Peranakan လူမျိုးတွေရဲ့ အခြေသတင်းကြီးခဲ့တဲ့ သမိုင်းကြောင်းကို မှန်းဆကြည်.မိပါတယ်။



လာပါပြီ။အိမ်မကြီးရဲ့ အနောက်ဘက်က ကျမမျှော်လင့်နေတဲ့အခန်း။အနောက်ဘက်က အဆောင်ထဲမှာ Baba Nyonyas တွေရဲ့ အဝတ်အစားအသုံးအဆောင်တွေ ပြထားတယ်ဆိုကတည်းက cameraတပြင်ပြင်နဲ့ လက်ယားနေခဲ့တာ..ဝင်ဝင်ချင်းပဲ ငွေနဲ့လုပ်ထားတဲ့ ဆွဲသီးတွေ၊ လက်ကောက်တွေတွေ့တော. Nyonyas တွေရဲ့လက်ဝတ်လက်စားတွေဟဲ့ဆိုပြီး ဓါတ်ပုံတွေ တဖြတ်ဖြတ်ပေါ့။ ရှေးလက်ရာတွေ၊ ခုလက်ရာတွေမတွေးနိုင်ဘူး ဓါတ်ပုံကိုရိုက်ချင်နေတာ။ မကြာဘူး ဝန်ထမ်းအမျိုးသမီး အနားရောက်လာပြီး ..."Excuse me. You can't take photos of our design. We are selling it. Would you like to make a purchase?" ဆိုတော့မှ "Sorry" တွင်တွင်ပြောရင်း ကိုယ့်မှာ ရှက်ရှက်နဲ့ လစ်ထွက်လာရတယ်။ 

ဒါကဝင်ဝင်ချင်းလက်စွမ်းပြပလိုက်တဲ့ သစ်ရွက်ပုံ နဲ့ ပုစင်းပုံ ဆွဲကြိုးတွေပါ။ လှတယ်နော်. 



အဲဒီအရောင်းပြခန်းကိုလွန်မှ အများမျှော်လင့်စောင့်စားနေတဲ့ အဝတ်အစားအသုံးအဆောင်တွေပြခန်းကိုရောက်ပါတယ်။ အခန်းရဲ့အလည် တလျှောက်လုံးမှာ မှန်ဗုံးတွေနဲ့ တန်ဖိုးကြီး လက်ဝတ်လက်စားတွေ အသုံးအဆောင်တွေပြထားပါတယ်။ ဘေး၂ဘက်နံရံမှာတော့ ဓါတ်ပုံတွေနဲ့ အဝတ်အစားအချို.ကို မှန်ဘောင်သွင်းပြီးချိတ်ထားပါတယ်။ အောက်မှာတော. Dresser လို့ခေါ်တဲ့ ဗီရိုအပုလေးတွေနဲ့ တခြားအိမ်အသုံးအဆောင်တွေ၊ beaded ဖိနပ်တွေ စုံအောင်ပြထားပါတယ်။ အခန်းထဲကိုစဝင်သွားတာနဲ့ တကယ့်ကို ဝါဝါဝင်းပါပဲ။ Baba Nyonyas တွေကရွှေကိုနှစ်သက်တာမှ လက်ဝတ်လက်စားကစလို့ သွားကြားထိုးတံအထိ ရွှေနဲ့လုပ်ပါတယ်။ နားဖါကလော်လဲရွှေနဲ့ပါပဲ။

ကျောက်စိမ်းအဖြူ - White Jade နဲ့လုပ်တဲ့ ဝိုင်ခရား


ငွေကွမ်းအစ်

ရွှေအတိပြီးတဲ့ သွားကြားထိုးတံနဲ့ နားဖာကလော်

ပုံတွေနဲ့ ပိုစ့်အရမ်းရှည်သွားမှာစိုးလို့ ဒီနေရာမှာ ခဏလေးဖြတ်ထားချင်ပါတယ်။ ပြန်လာလည်ပါအုံးနော်။ Nyonyas ဝတ်စုံတွေနဲ့ သူတို.လူမျိုးရဲ့ စိတ်ဝင်စားစရာဓလေ့တွေအကြောင်း ဆက်ရေးနေပါတယ်။




Wednesday 21 August 2013

Masquerade Ball II - Woman Fashion

ကျွန်မရဲ့ blogလေးကို ကိုယ်ကိုတိုင်မရောက်တာကို တော်တော်ကြာပါပြီ။
အလုပ်က လွှတ်တဲ့ခရီးတွေရော၊ ကိုယ်တိုင်စီစဉ်ပြီးသွားတဲ့ holidays တွေနဲ့လုံးချာလိုက်နေတာက တမျိုး၊ ပြီးတော့ ဘယ်သူမှ သိပ်မသိကြတဲ့ အိမ်လေးမှို့ စိတ်ဓာတ်နဲနဲကျတာလဲ တဖုံ နဲ့ ပစ်ထားလိုက်တာ အမသက်ဝေရေးထားခဲ့တဲ့ ၁၈ ဇူလိုင်က comment ကို တလတိတိအကြာမှ တွေ့တဲ့အထိပါပဲ။ နဲနဲတော့လွန်သွားပြီနော်။
ခုနလေးတင်ကမှ အမကို ပြေးလွှားကျေးဇူးတင်ရင်း အမအားကိုးနဲ့ပဲ ရေးလက်စအကြောင်းကိုပြန်စပါရစေ။ အကြာကြီးနေမှပြန်ရေးတာမို့လို့ Masquerade Ball ရဲ့အရေးပါတဲ့ မျက်နှာဖုံးတွေအကြောင်းကို ခဏလေးကြော်ပြီး ကျွန်မ အင်မတန်စိတ်ဝင်စားတဲ့ အဝတ်အစား ဖက်ရှင်အကြောင်းကို အရင်ရေးချင်ပါတယ်။

ရှေးရှေးက အနောက်တိုင်းအမျိုးသမီးတွေရဲ့ ဖက်ရှင်လို့ပြောရင် မျက်စိထဲမှာ ဘာမြင်ပါသလဲ။ ကျွန်မကတော့ လက်ရှည် ကိုယ်ကျပ် လည်ဟိုက်အကျီ နဲ့စကတ်ကားကားရှည်ရှည်ကြီးတွေကို မျက်စိထဲမြင်မိပါတယ်။ အနီးစပ်ဆုံးပြောရရင် Titantic ရုပ်ရှင်ဇာတ်ကားထဲက မင်းသမီး Kate ရဲ့ ကပွဲသွားတဲ့ ဝတ်စုံမျိုးပါ။ (Titantic ရုပ်ရှင် က ၁၉၁၂ ဝန်းကျင် - ၁၉ ရာစုအစောပိုင်းက အဖြစ်အပျက်ဆိုတော့ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုက အနဲနဲ့အများတူမယ်လို့ ခန့်မှန်းရပါတယ်။) ရုပ်ရှင်ထဲမှာတော့ စကတ်ကားကားကြီးဖြစ်ဖို့ အတွင်းကနေ  အတွင်းခံ petticoat လိုဟာမျိုးခံဝတ်ပါတယ်။

ဒီလိုပါပဲ.၁၈ရာစု Masquerade Ball Gowns တွေက အမျိုးသမီးတွေရဲ့ အလှအပ၊ ချမ်းသာ ကြွယ်ဝမှုအဆင့်အတန်း ကိုဖော်ဆောင်ပါတယ်။ ကပွဲသဘင် ဆိုတော့ အရောင်စုံ ပိုး ဖဲ ကတီပါစတွေနဲ့ လှပအောင် ချုပ်လုပ်ထားတဲ့ ဂါဝန်တွေကို မျက်နှာဖုံးဒီဇိုင်းမျိုးစုံနဲ့ တွဲဝတ်ကြပါတယ်။ ကပွဲတွေမှာ အမျိုးသမီးတယောက်က အမျိုးသားတယောက်ထက် နေရာ၃ဆလောက်ပိုယူပါတယ်တဲ့။ ဝလို့ မဟုတ်ဘူးနော်။ ဝတ်ရတဲ့ ဝတ်စုံအလှအပအတွက်ပါ။ ရာစုနှစ်အစောပိုင်းတွေမှာ ခေတ်စားတဲ့ ဖက်ရှင်က Sack Back Dress လို့ခေါ်ပါတယ်။ (အင်တာနက်မှာ ရှာပြီးအောက်မှာပြထားပါတယ်) ဂါဝန်အနောက်မှာ လည်ဂုတ်ကနေပြီး ပိတ်စ နောက်တထပ်ဆန်ဆန် ပါတဲ့ ဒီဇိုင်းမျိုးပါ။ ဘာလို့ ဒီလို ပိတ်စထူထူထဲထဲ နောက်မှာချပြီး ဝတ်ဆင်ကြသလဲဆိုတော့ မိသားစုတခုရဲ့ ချမ်းသာကြွယ်ဝမှုကို အဲဒီအိမ်ထောင်စုက အမျိုးသမီးလေးများရဲ့ကိုယ်ပေါ်က အဖိုးတန် ပိုး ဖဲ ကတီပါ ဝတ်ဆင်နိုင်မှုနဲ့ ဖော်ထုတ်ကြလို့ပါ။ဒီနေရာမှာ တခုပြောချင်တာက အဖိုးတန် ပိတ်စတွေကို dress maker ကအတတ်နိုင်ဆုံး မညှပ်ကြပါဘူး။ ဝတ်စုံအမျိုးမျိုးနဲ့ဝတ်ချင်ရင်၊ ပြန်ပြီး အသုံးပြုချင်ရင် အစဉ်ပြေအောင်လို့ပါ။ သူတို့ ခေတ်ကတည်းက ချမ်းသာတဲ့သူတွေတောင် Recycle လုပ်နေကြပြီနော်။


ရာစုနှစ်အစောပိုင်းတွေမှာ ခေတ်စားတဲ့ Sack Back Dress ဖက်ရှင်တခေတ်ကို အစားထိုးနေရာယူလာတာကတော့  ကိုယ်နဲ့အတိ ဝတ်ဆင်ရတဲ့ ကိုယ်ကျပ်ဝတ်စုံတွေပါ။ ကိုယ်ကျပ် အကျီတွေရဲ့အောက်မှာ corset လို့ခေါ်တဲ့ အမျိုးသမီးဝတ်အတွင်းခံတမျိုးခံပြီး လိုချင်တဲ့ ခါးသေးရင်ချီ အချိုးအစားရအောင် ဝတ်ကြပါတယ်။ လည်ပင်းပေါက် ပုံစံကတော့ လည်ဟိုက် လေးထောင့် ဒါမှမဟုတ် Uပုံစံ လည်ဟိုက်အဝိုင်း စတိုင်မျိုးပါ။ စကတ်ကို ခံဝတ်တဲ့အတွင်းခံကတော့ နဲနဲဆန်းပါတယ်။Pannier လို့ခေါ်တဲ့ အတွင်းခံ စကတ်က စကတ်ရဲ့ ရှေ့နောက် မှာဘာမှမပါဘဲ ဘေး၂ဘက်မှာပဲ ကားထားတဲ့ ပုံမျိုးပါ။ ဒီအမျိုးသမီး စကတ်ဒီဇိုင်းမျိုးကို စပိန်နိုင်ငံက စတင်ဝတ်ဆင်ခဲ့တယ်လို့မှတ်ရပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က ဖက်ရှင်eraကို ဦးဆောင်နေတာ ပြင်သစ်ပါ။ Louis XV ရဲ့  mistress Madame Pompadour နှစ်သက်တဲ့ ပန်းပွင့်၊ အဆင်း ပိတ်စ ဒီဇိုင်းတွေကို  pastel colors လို့ခေါ်တဲ့ Baby Pink လို Mint Green လို ဒါမှမဟုတ်ရင် အပြာဖျော့ဖျော့နဲ့ အသားရောင်လို အရောင်တွေနဲ့ ဝတ်စုံ ခေတ်စားလာပါတယ်။ အင်မတန် နုညံ့ပြီး မိန်းမဆန်တဲ့ ဝတ်စုံတွေ ဖြစ်မှာပါ။ Madame Pompadour ကသာ ခုခေတ် ကျွန်မတို့သိတဲ့ ပြင်သစ်အမျိုးသမီးတွေလို အရပ်ရှည်ရှည် ပါးပါးလျလျနဲ့ လှပြီးသားအမျိုးသမီးသာဆိုရင် သူမနှစ်သက်တဲ့ pastel colors အပွင့်အခက် ဝတ်စုံတွေနဲ့ တော်တော်လိုက်မှာပါ။ အင်တာနက်မှာ ရှာတွေ့တဲ့ Madame Pompadourရဲ့ ပုံက အောက်မှာပါ။


ဒါက Pannier လို့ခေါ်တဲ့ အတွင်းခံ စကတ်နမူနာပါ။
နောက်ပိုင်းကြတော့ Haute Couture dress တွေရဲ့ ဘုရင်မလို့ တင်စားကြတဲ့ ပြင်သစ်နိုင်ငံရဲ့ နောက်ဆုံးဘုရင်မ Marie Antoinette ရဲ့ဖက်ရှင်တွေ တခေတ်ဆန်းလာပြန်ပါတယ်။ သူမရဲ့ ဖက်ရှင် နဲ့သူမရဲ့ dressmaker Rose Bertin တို့ရဲ့ ဝတ်စုံဒီဇိုင်းတွေဟာ တခြားဥရောပနိုင်ငံတွေအထိ ပြန့်နှံ့ပြီး အမျိုးသမီးများကြား ရေပန်းစားခဲ့ပါတယ်။ Marie Antoinette ကတော့ Madame Pompadour လို အရောင်ဖျော့ဖြော့ တွေစိတ်ဝင်စားဟန်မတူပါဘူး။ "Extreme extravagance was her trademark" လို့ဆိုကြပါတယ်။ ဘုရင်မဆိုတော့ သူရဲ့ဝတ်စုံတွေက ရဲရဲရင့်ရင့် တောက်တောက်ပပနဲ့ ဝင့်ဝင့်ကြွားကြွားရှိမယ်လို့ ခန့်မှန်းမိပါတယ်။

ဒါက  Marie Antoinette ရဲ့ပုံတွေပါ။ အင်တာနက်ကပဲယူပါတယ်။



Masquerade Ball အကြောင်းရေးနေလို့ ဒီဝတ်စုံပုံစံတွေက Ball တွေ Carnival တွေမှာပဲ ဝတ်တာမဟုတ်ပါဘူး။ ကပွဲတွေ၊ ပွဲလမ်းသဘင်တွေမှာ ပိုပြီးအဖိုးတန်တဲ့ ပိတ်စတွေနဲ့ ချုပ်လုပ်ထားတဲ့ ထူးခြားဆန်းကြယ်တဲ့ ဝတ်စုံတွေဝတ်ပြီး သာမန်အချိန်တွေမှာဆို ရိုးရိုးပုံစံ ဝတ်စုံတွေဝတ်ကြပါတယ်။ ဥပမာ  Pannierကိုသာမန်အချိန်မျိုးမှာမဝတ်ကြပါဘူး။

ခုနောက်ဆုံး ၁၈ရာစုလောက်က ဆံပင်ပုံစံတွေနဲ့၊ accessories တွေအကြောင်း နည်းနည်းထပ်ပြောချင်ပါတယ်။ ဒီမှာအဓိကပြောချင်တာက ဆံပင်ဆင်ယင်ထုံးဖွဲ့မှုပါ။ မြန်မာဝတ်စုံ လှလှပပဝတ်ပြီးပွဲတွေတက်တဲ့အခါ ဆံပင်ကို သပ်သပ်ရပ်ရပ် ပြင်ဆင်ထားမှ ပိုလှသလိုမျိုး ကပွဲသဘင်တက်ကြတဲ့ အမျိုးသမီးတွေကလဲ သူတို့ရဲ့ ဝတ်စုံနဲ့လိုက်ဖက်မဲ့ ဆံပင်ပုံမျိုး ဆင်ယင်ထုံးဖွဲ့ကြပါတယ်။ အဲဒီထဲကမှ အဓိကထင်ရှားတဲ့ ဆံပင်ဆင်ယင်ထုံးဖွဲ့မှုတွေကတော့ ဆံထုံးအမြင့်ကြီးထုံးတာရယ်၊ ဒါမှမဟုတ် ဆံပင်ကောက်ပုံစံ၊ ဒါမှမဟုတ်ရင် ငှက်အမွှေးအတောင်တွေနဲ့ဆံထုံးကို အလှဆင်တာမျိုးအပြင် အများနဲ့မတူထူးခြားတဲ့ ဆံထိုး ထိုးတာတွေဖြစ်ပါတယ်။ ဆံထိုးတွေဟာ ဘယ်လောတ်အထိ ခေတ်စားလိုက်သလဲဆိုရင် ငှက်ကနေ စေတီပုံစံတွေအထိ ဆံထိုးပုံစံမျိုးစုံရှိပါတယ်တဲ့။







စာလာဖတ်တဲ့သူတွေမှတ်မိမယ်ဆိုရင် ဒီMasquerade Ball အကြောင်းကိုစပြီးရေးဖြစ်တာ company D&D ကြောင့်ပါ။ Masquerade Ball ဆိုတာကို သေသေချာချာ နားမလည်တာက တကြောင်း၊ ဘာဝတ်ရင်ကောင်းမလဲ လျှောက်စဉ်းစားရင်းရဲ့ ဖတ်မှတ် လေ့လာမိတာလေးတွေကို ပြန်မျှချင်တဲ့သဘောနဲ့ ခေါင်းစဉ်ခွဲပြီးရေးဖြစ်နေတာ ဆိုပါတော့။ ဒီတော့ အပေါ်က Masquerade Ball တွေရဲ့ ဖက်ရှင်တွေအကြောင်းဖတ်ပြီးတော့ ၂၁ရာစုကြီးထဲမှာ တယောက်ထဲ၃ပေ နေရာယူဖို့လဲမလွယ် ..စလုံးက ရုံးဆင်း ရုံးပြန်ချိန်ဆို လုံးဝ လုံးဝ မဖြစ်နိုင်ပါဘူး =) ၊ နေရာရှိတယ်ဆိုရင်တောင် Pannier ဘယ်မှာရှာရမလဲမသိ၊ ဖဲတို့ ကတီပါတို့ကလဲ ဒိတ်အောက်နေပြီ ဘာသွားဝတ်ရတော့မလဲလို့ မေးမဲ့သူရှိရင် Adora ရဲ့ကိုယ်ပိုင်စိတ်ကူးထားတာလေး ပြောပြချင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ နောက်တခေါက်ကြရင် Masks တွေအကြောင်း ရေးပါအုံးမယ်။

Wednesday 19 June 2013

Masquerade Ball

ဒီနှစ်ကုမ္မဏီရဲ့ Dinner & Dance Theme က "Masquerade Ball" လို့ကြေငြာလာပါတယ်။ "Masquerade Ball" ကို မြန်မာလို တိုက်ရိုက် ဘာသာပြန်ရင်တော့ အယောင်ဆောင် ကပွဲသဘင်လို့ ဆိုရပါမယ်။ ဘာလို့လဲ ဆိုတော့ ကပွဲလာတဲ့ သူတွေက ဘယ်သူဘယ်ဝါမှန်း မသိနိုင်အောင် မျက်နှာဖုံး (Mask) တွေဝတ်ပြီး လာကြလို့ပါ။
Masquerade Ball တွေက ၁၅ရာစု လောက်ကစပြီး  ပြင်သစ် နိုင်ငံကစတယ်လို့ ဖတ်ဖူးပါတယ်။ ၁၆၊၁၇၊၁၈ ရာစုနှစ်များမှာ တခြားဥရောပနိုင်ငံများအထိ ပြန့်နှံ့ခဲ့ပြီး အထူးသဖြင့် အီတလီနိုင်ငံ ဗင်းနစ်မြို့က ဗင်းနစ်မြို့သူ မြို့သားများရဲ့ ပျော်ပွဲရွှင်ပွဲအဖြစ် ထင်ရှားခဲ့ပါတယ်။ ကျွန်မဆို အီတလီနိုင်ငံ ဗင်းနစ်မြို့က အစပြုတယ်တောင် ထင်ခဲ့တာပါ။ သူငယ်ချင်းတွေ ဥရောပနိုင်ငံတွေ အလည်အပတ်ထွက်လို့များ ပြန်လာပြီဆို ဗင်းနစ်မြို့က Mask လှလှလေးတွေ လက်ဆောင်ပါလာတတ်တာကိုး။

တချို့သမိုင်းအထောက်အထားများ အရ မျက်နှာဖုံးစွပ် ကပွဲတွေဟာ လူ့အထက်တန်းလွှာ မင်းစိုးရာဇာနဲ့ သူဋ္ဌေးများရဲ့  ပျော်ပွဲရွှင်ပွဲပါတဲ့။ တချို့တွေကတော့ အထက်တန်းလွှာများနဲ့ အောက်ခြေလူလတ်တန်းစားများ တွေ့ဆုံမိတ်ဆက်ရာ၊ ဆွေးနွေးရာ၊ သတင်းအချက်အလက်ဖလှယ်ဖို့ရာ ကျင်းပတဲ့ပွဲဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံ့ရေးရာများပါ ကပွဲတက်ရောက်လာသူအချင်းချင်း ဆွေးနွေးကြတယ်လို့တောင် မှတ်ရပါတယ်။မျက်နှာဖုံးစွပ်များနောက်က တွေ့ဆုံမှုဟာ စိတ်ဝင်စားဖို့ ကောင်းမှာအမှန်ပါပဲ။ အလွှာမတူတဲ့ အသိုင်းအဝိုင်းနှစ်ခုက ပေါ်ထွက်လာတဲ့ အချစ်ဇာတ်လမ်း အမြောက်အမြားလဲ ရှိလိမ့်မယ်လို့ အတွေးနယ်ချဲ့မိပါသေးတယ်။ ကြည့်ရုံနဲ့ ဘယ်သူဘယ်ဝါမှန်းမသိနိုင်တဲ့ ဒီလိုပွဲမျိုးမှာ မကောင်းမှုလုပ်တဲ့သူတွေလဲ ရှားမယ်မထင်ပါဘူး။

ဒီနေရာမှာ Mardi Gras Carnival တွေအကြောင်းနဲနဲ လျှာရှည်ချင်ပါတယ်။ Mardi Gras ဆိုတာ ရှေးတုန်းက ရောမမြို့က ဘာသာမဲ့တွေရဲ့ ရိုးရာပွဲတမျိုးပါ။ ခရစ်ယန်ဘာသာ ရောမကို ပျံ့လာတဲ့အခါ ဘာသာရေးခေါင်းဆောင်တွေက ထင်ရှားတဲ့ရိုးရာပွဲကို  ခရစ်ယန်တွေရဲ့ ဥပုသ်လ မတိုင်မီ ပွဲတော်ကြီးတခုအနေနဲ့ ကျင်းပကြပါတယ်။
ခရစ်ယန်ဘာသာ တခြားဥရောပနိုင်ငံများကို ပျံ့ပွါးလာတာနဲ့အမျှ Mardi Gras Carnival တွေကို ပြင်သစ်၊ဂျာမဏီ၊ စပိန်၊ အီတလီစတဲ့ နိုင်ငံများမှာ ကျင်းပလာကြပါတယ်။ ဒါကိုကြည့်ရင် Mardi Gras ဆိုတာ ဘာသာရေးနဲ့ပက်သတ်တဲ့ ပွဲတမျိုး ဖြစ်ပြီး  Masquerade Ball ကတော့ လူ့ရေပေါ်ဆီတွေရဲ့ ကပွဲတမျိုးပါ။  

တချို့သော အင်တာနက်စာမျက်နှာများက Mardi Gras ကို နိုင်ငံအမျိုးမျိုးက ပုံသဏန် မျိုးစုံနဲ့ကျင်းပရာမှာအီတလီနိုင်ငံ ဗင်းနစ်မြို့မှာတော့ Masquerade Ballအနေနဲ့ ထင်ရှားတယ်လို့ ဆိုပါတယ်။( သေသေချာချာသိတဲ့ သူများ Comment box မှာရေးသွားကြပါအုံး။ )

သမိုင်းတွေ ခဏထားပြီး လွန်ခဲ့တဲ့ ရာစုနှစ်တွေက မျက်နှာဖုံးစွပ် ကပွဲတွေမှာ ဝတ်တဲ့  မျက်နှာဖုံးအမျိုးအစားတွေနဲ့ အဝတ်အစား ဖက်ရှင်တွေအကြောင်း ဆက်ရအောင်ပါ။



ဆက်ရန်

Tuesday 18 June 2013

အဝါရောင် ဖက်ရှင်

အရောင်တောက်တောက်တွေ ခေတ်တုံးပြီလားတော့မသိ။ ကျွန်းနိုင်ငံလေးရဲ့ ဇွန်ဈေးရောင်းပွဲကြီးမှာ အဝါရောင် ဂါဝန်တထည်ဝယ်ဖြစ်ပါတယ်။ပုံမှန်ဆို အနားမကပ်နိုင်တဲ့ တံဆိပ်က ၇၀% ဈေးချတော့လဲ trend တွေဘာတွေ မတွေးတော့ပါဘူး။ ဖက်ရှင်ဆိုတာ ပြန်လည်တာပဲမှတ်လား။

ဝယ်ပြီးတော့ ဘာနဲ့ဘယ်လိုတွဲဝတ်ရမလဲ စဉ်းစားမိတဲ့အချိန်မှာ စိတ်ထဲမှာပေါ်လာတဲ့ဖက်ရှင်၂မျိုးက ဒီမှာပါ။ညနေ သူငယ်ချင်းတွေနဲ့ Night out သွားဖို့ နဲ့၊ weekend ဖက်ရှင်ပေါ့ပေါ့ပါးပါးလေးပါ။ အေးတဲ့ ရာသီမျိုးမှာတော့ ခြေအိပ်အမည်း ဒါမှမဟုတ် legging အမည်း နဲ့တွဲဝတ်နိုင်ပါတယ်။ အဲလို တွဲဝတ်မယ်ဆိုရင် ဂါဝန်ကအရမ်းကြီးရှည်မနေဖို့တော့ လိုတယ်နော်။




ဒီပုံကတော့ ဝယ်ဖြစ်ခဲ့တဲ့ Forever New က အဝါရောင် ဂါဝန်လေးပါ။

Tuesday 28 May 2013

စိတ်ကူး ထိန်ထိန်သာ

"ဖြူ ဘာတွေတွေး နေပြန်တာလဲ"
၂နှစ်သာ ရှိသေးသော သားလက်ကိုဆွဲခါ လမ်းလျှောက်ရာမှ ပြန်လာသော မောင်က မေးသည်။ မောင့်လက်ထဲမှာလဲ စာအုပ်တချို့နှင့်။

ဒါအိမ်ရှေ့ စာကြည့်တိုက်က ယူလာတာပဲဖြစ်ရမယ်.. ဒီနေ့မနက်ကမှ ထည့်ထားတာကို ဟု ဖြူစိတ်ထဲကတွေးရင်း မနေနိုင်စွာ
"မောင် ဘာလို့စာအုပ်တွေ ထုတ်လာပြန် တာလဲ.. မနက်က အသစ်လဲ ထားပြီးသား"
"မဟုတ်ပါဘူးကွာ၊ ဟိုလမ်းထိပ်က အိမ်က ဂစ်တာနဲ့ ပတ်သက်တဲ့ နိုင်ငံခြား မဂ္ဂဇင်းတွေ တွေ့လို့ မောင်ယူလာတာ... နော်ကွာ ပြောလိုက်စမ်း မေမေ့ကို"
 ဖြူတို့ရပ်ကွက်ထဲတွင် အိမ်တိုင်းလိုလို ခြံရှေ့တွင် စာကြည့်တိုက် အသေးစားလေးတွေ ရှိကြသည်။ စာအုပ်များများ မဟုတ်..   ၁၀၊၁၅အုပ်သာ ဆံ့သော စင်အသေးစားလေးများဖြစ်သည်။ တချို့က သစ်တို၊သစ်စ နှင့် ဆောက်သည်၊ တချို့က အုတ် နှင့်.. အဓိက က မိုးလေ လုံဖို့ အမိုးကလေးပါဖို့ ဖြစ်သည်။ အိမ်တွင် အဆင်သင့်ရှိသော၊ အိမ်နီးနားချင်းများနှင့် မျှဝေလိုသော၊ လဲလှယ်ဖတ်ရှုလိုသော စာအုပ်များကို စာကြည့်တိုက်ထဲ ထည့်ကြသည်။ အခမဲ့ ယူဖတ်နိုင်ကြသည်။ဖတ်ပီးရင် တရိုတသေ သူ့နေရာသူပြန်သွားထားကြသည်။



ဤဓလေ့ကို ဘယ်သူကစသည် မသိ။ ဖြူတို့ ဒီရပ်ကွက်ကလေးကို ပြောင်းလာ ကတည်းက ရှိနှင့်နေပြီး ဖြစ်သည်။ ထူးထူးဆန်းဆန်း တွေ့ရခဲသော၊ ချစ်စရာကောင်းသော စိတ်ကူးကို သဘောကြကာ မောင်က လက်သမားဆရာခေါ်၍ အမိုးအကာနှင့် စာအုပ်ဗုံးကလေး ဆောက်ခဲ့သည်။ လက်သမားဆရာကြီးက ကျွန်းသားကလေးဖြင့် စာအုပ် ၁၀အုပ်ခန့် ဆံ့သော စာကြည့်တိုက်အသေးစားလေးကို မှန်ချက်တံခါးလေးနှင့် ဆေးအပြာလေးသုတ်ပေးခဲ့သည်။ အဝေးကကြည့်ရင် ငှက်အိမ်ကလေးနဲ့ပင် တူသေးသည်။ စာကြည့်တိုက်လေးပြီး ပြီးခြင်း ပထမဆုံးအလုပ်က ဆေးဖြူနှင့် စာရေးခြင်းပင်.. "Take a book, Leave a book please"

စာဖတ်ဝါသနာပါသော ဖြူတို့အတွက် အိမ်တွင်စာအုပ်မရှား၊ မောင်က သတင်းနှင့်သုတစာအုပ်များ စိတ်ဝင်စားသည်။ ဖြူက မိန်းမပီပီ အလှအပ ဖက်ရှင်၊ ရသစာအုပ်များကို နှစ်သက်သည်။ နှစ်ယောက်စလုံးကြိုက်သော သီချင်း၊ ဂီတမဂ္ဂဇင်းတွေလဲ ရှိသည်။ အစပိုင်းမှာတော့ မောင်နဲ့ဖြူ ဘာစာအုပ်ထည့်မလဲ စဉ်းစားရင်း အငြင်းပွါးရသေးသည်။ ကိုယ်ထည့်သည့် စာအုပ်လေးများကို အိမ်နီးနားချင်းများ မနှစ်သက်မှာ စိုးသလို၊ ငါကြိုက်တဲ့စာအုပ်လေး ပျောက်သွားရင် ဆိုသည့် စိုးရိမ်စိတ်လဲရှိသေးသည်။ နောက်ဆုံး ကောင်းနိုးရာရာ စာအုပ်ရွေးထည့်ရင်း ခုတို့ ကိုယ်ကြိုက်သည့်စာအုပ် ကိုယ့်ဘာသာ သွားထည့်ရင်း၊ သူများ ဝေမျှထားသည့် ကြိုက်နှစ်သက်ရာ စာအုပ်လေးများငှါးဖတ်ရင်း အသားကြနေပြီ။ တခါတရံ အပျက်အစီးရှိတတ်ပေမဲ့ သည်စာအုပ်စင်ကလေးကြောင့် တအိမ်နဲ့တအိမ် ပိုရင်းနီးပြီး တယောက်အကြောင်း၊ တယောက်ဝါသနာ တယောက်သိကာ မိတ်ဆွေတိုးသည်မို့ အကျိုးကျေးဇူး များလှသည်။ ဖြူတို့ရဲ့ အခမဲ့ စာကြည့်တိုက်ကလေးကို ပထမဆုံးစာအုပ်လာယူသည့် ဘေးအိမ်က အလယ်တန်းကျောင်းသူလေးကို ချောင်းကြည့်ရင်း ပီတိဖြစ်ရသည့် အကြောင်းကို တော့ မောင်နဲ့ဖြူ ဘယ်တော့မှ မေ့မည်မထင်။

"ခြံထဲ လမ်းလျှောက်ရအောင် သဲ"
အားကစားလုပ်ရမှာ ပျင်းသော ဖြူ့ကိုမောင်က အမြဲကိုယ်လက်လှုပ်ရှား အားကစား လုပ်ဖို့ တိုက်တွန်းလေ့ရှိပါသည်။ ဖြူချူချာတာ ဒါ့ကြောင့် ဟုလဲ မကြာခဏ ဆူတတ်သေးသည်။ ဖြူ မငြင်းနိုင်အောင် သဲ ဟူ၍လဲ ကြင်ကြင်နာနာခေါ်တတ်ပါသေးသည်။ မောင်စိတ်မတိုခင် သားလက်ကိုဆွဲပြီး မောင့်လက်ကိုတွဲခါ ခြံထဲလမ်းဆင်းလျှောက်ကြသည်။ သားနှင့်ဆော့ရင်း ညောင်းလာရင်တော့ သားအမိ၊သားအဖ ၃ယောက် ခြံဘေးက မြက်ခင်းစပ် ကားပျက်ကြီးနား ခြေပြစ်လက်ပြစ် ထိုင်ခါ နားလို့ရသည်။
ကားပျက်ကြီးအကြောင်းရှင်းပါအုံးမည်။
သူငယ်ချင်း တယောက်ကသူတို့စက်ရုံတွင် သုံးသော အိုးမော်ဒယ် မြန်မာအခေါ် ပေါင်မုန့်ကား၊ သိုးစောင်းလို LiteAce Van အမျိုးအစား ကားကိုဈေးပေါပေါဖြစ်ထုတ်လိုသည် ဆို၍မောင့်ကို အတင်းဝယ်ခိုင်းခဲ့သည်။ မွေးနေ့လက်ဆောင်ကဒ်လေး ၃၊၄ခုလုပ်ဖူးရုံ၊ အိမ်ဆောက်တုံးက ဟိုဆေးဟိုနေရာသုတ်၊ ဒီပစ္စည်းဒီမှာထား ဟုနှမ်းဖြူးဖူးရုံနှင့် ကိုယ့်ကိုယ်ကို အနုပညာ မျက်စိရှိသည်၊ စိတ်ကူးကောင်းသည် ဟု ဘဝင်မြင့်နေသောဖြူသည် နိုင်ငံခြားမှာလို ကားထဲတွင် အိမ်ခန်းလေးတခန်း ပြင်ကြည့်လိုသည်။ မောင်ခရီးဝေးဝေးလံလံ ထွက်ဖို့မအားသော နွေရာသီရက်များတွင် ကိုယ်တိုင်စိတ်ကြိုက်ပြင်ထားသော သည်နေရာလေးတွင် မိသားစုလာနားနိုင်ကြသည်။
တကယ်လုပ်ကြည့်တော့ပြောသလောက်မလွယ်ရေးချမလွယ်။ မလိုတဲ့ပစ္စည်းတွေထုတ်၊ ရောင်းတန်တာရောင်း၊ လိုတဲ့ ပစ္စည်းတွေလိုက်ရှာ၊ ပစ္စည်းကြိုက်တော့ ငွေကမလိုက်နိုင်နှင့် ခုထိအပြီးမသတ်သေး။ အလျင်လဲ မလို၍ ဖြေးဖြေးခြင်းပဲလုပ်မည်။ မောင့်အမ မိသားစု တနေ့ အိမ်လာလည်တုံး ဆယ်ကျော်သက် တူမလေးက  မြက်ခင်းစပ်သွားထိုင်မယ် မပြောဘဲ ကားပျက်ကြီးနား ထိုင်မယ်ဆိုသဖြင့် ဖြူ့စိတ်ကူးအိမ်လှလှလေး အမျိုးတွေကြား နာမည်ဆိုးတွင်သွားတော့သည်။ ဘာမှသေသေချာချာ မပြီးသေးသည့်အပြင် အမြဲတမ်း အိမ်ဘေးတွင်ရပ်ထားသည်မို့ ကားစုတ်ကြီးနှင့်တူသေးတာပင်။ "နေနှင့်အုံး၊ အားလုံးပြီးမှ အမျိုးတွေကို ခေါ်ကြွားလိုက်မည်" ဟုဖြူ့စိတ်ထဲက ပြောမိသည်။ ဘယ်တော့လဲဆိုရင် တော့ "ဘုရားကို မေးပေါ့"
ကားကျဉ်းကျဉ်းလေးထဲမှာ ဖြူထည့်ချင်တာတွေအကုန်ဝင်ဖို့ တကယ်တော့မလွယ်။ပစ္စည်းတမျိုးကို အမျိုးမျိုးအသုံးပြုနိုင်တာမျိုးဖြစ်ဖို့လိုသည်။ ဥပမာ ထိုင်လဲထိုင်၊အိပ်လို့လဲ ရသည့် ဆိုဖာ လိုမျိုး။ စားပွဲခုံပုပုလေးလဲ လိုသည်။ တီဗီလေး၊ music player လေးလဲထားမည်။ ဂီတာလေး တလက်လောက် ထားဖို့ နေရာလေးလဲ ရှိရမည်။ ပြီးတော့ ဘေစင်၊ မီးဖို နဲ့ရေခဲသတ္တာ။
မောင်က မီးဖိုကြီး မထည့်ချင်ပေ။  အနားယူနေတုန်း ဗိုက်ဆာလို့မှ အိမ်ဘက်ကိုပြေးပြီးပြန်ယူရမယ်ဆိုရင် မနိပ်သေးပါဘူး" ဟု ဖြူပြန်ဂျီကြမည်ကို သိသဖြင့် ငြိမ်နေခြင်းဖြစ်သည်။

"ငါ့မိန်းမကလည်း ခဏနားပြီး လမ်းပြန်လျှောက်မယ် မရှိဘူး။ တယောက်ထဲငြိမ်ပြီး ပြုံးလိုက်၊ မဲ့လိုက်၊ ရီလိုက် နဲ့ဘာတွေများ ဒီလောက်တွေးနေတာလဲဟင်။ ဟိုမှာ အန်တီတောင် ညနေစာပြင်နေပြီ။ သွားကြရအောင်လေ။"

မောင်ပြောမှ အိမ်ဘက်ကို ကြည့်မိတော့ မေမေနှင့် အိမ်အကူအမကို မီးဖိုစောင်တွင် လှမ်းမြင်နေရသည်။ ဖြူတို့အိမ်က L ပုံစံ တထပ်ခွဲ တိုက်ပုလေးမို့ ဖြူထိုင်နေသည့် နေရာကဆိုရင် အိမ်ဘေးတခြမ်းလုံးကို မြင်နေရသည်။ သည်အိမ်ကလေးက ဖြူတို့မိသားစု ကြိုးစားပမ်းစား တည်ဆောက်ထားတာမှို့ ငွေကြေးအရ အမြတ်မကြီးရင်တောင် ဖြူ့အတွက်တန်ဖိုးကြီးလှသည်။ ဖေဖေရော မေမေနှင့် ဖြူပါ ခြံကျယ်ကျယ်ကလေးနှင့် အိမ်ကလေးတလုံးပိုင်ဖို့ အတော် ကြိုးစားခဲ့ရသည်။ တော်ပါပြီလေ။ ဒီအကြောင်တွေ တွေးရင် မောင်ပြောသလို ပြုံးလိုက်၊မဲ့လိုက် နှင့် မိုးစုန်းစုန်းချုပ်တော့မည်။

မောင်နဲ့သားလေးက ဖြူ့အရှေ့ကပြောပြောဆိုဆို လျှောက်နှင့်ကြပြီ။ မေမေနဲ့ ဖြူ စိုက်ထားသော Kiss Me ပန်းများ နှင့် နှင်းစီ အိုးများဘေးကဆင်ဝင်ဝတောင် ရောက်လုပြီ။ သားကခလေးပီပီ ပန်းတွေဆွဲချ ခြင်သည်ကို မောင်ကကောက်ချီကာ ထိန်းလိုက်ရသည်။ ဖြူနဲ့ မေမေက မိန်းကလေးပီပီ ဆူးများသောပန်းကိုမှ ကြိုက်တတ်သည်လေ။

မောင်တို့ကိုကြည့်ရင်း ဖြူအိမ်ဘက်သို့ လှမ်းလာသည်။ တကယ်တော့ ဖြူဘာမှမလိုချင်တော့ပါ။ ဖြူ့ဘဝတွင် မေနဲ့ဖေရှိသည်။ ဖြူ့ကိုယ်ပိုင် ချစ်စရာမိသားစုလေးလဲရှိသေးသည်။ ပြီးတော့ဖြူချစ်သည့် ဖြူတို့အိမ်လေး။

ဖြူသည် ဒီဘဝကို အလွန်မက်မောလှပါသည်။

May 27/2013 - 5pm

Reference
http://www.houzz.com/ideabooks/8726158/list/Book-It--Bring-a-Mini-Library-to-Your-Front-Yard
http://www.houzz.com/ideabooks/8949248