Monday 14 October 2013

ပွဲပြီးအတွေးများ

ပြီးခဲ့တဲ့ စက်တင်ဘာလ၂၂ရက်မှာ မြန်မာကလပ်ကဦးစီးပြီး sentosa ကျွန်းက Compass ballroom မှာ ကျမတို့နိုင်ငံရဲ့  ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို သွားကြည့်ရင်း ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် ခပ်ဝေးဝေးကနေ လူကိုယ်တိုင်မြင်ဖူးခဲ့ပါတယ်။ ရောက်လာကတဲက မိုက်ကလေးကိုင်ပြီး တပြုံးပြုံးနဲ့ မရပ်မနား စကားပြောသွားလိုက်တာများ ဟိတ်ဟန်ကင်းလိုက်တာ။ နိုင်ငံတကာက အသိအမှတ်ပြုလေးစားရတဲ့ ကမ္ဘာသိအမျိုးသမီးကြီးဖြစ်တာတောင် အန်တီ့မျက်နှာမှာအပြုံးကလွဲလို့ ဘာမှမရှိ။ အိမ်မှာ သား၊သမီး၊ မောင်၊ညီမ၊ မြေး၊ မြစ်တွေနဲ့ စကားအေးအေးဆေးဆေးထိုင်ပြောနေတဲ့အတိုင်း။ 

(ပုံကို Google ကယူပါတယ်)


 " ဘယ်နိုင်ငံပဲရောက်ရောက်၊ ဘာနိုင်ငံသားပဲခံခံ ကျမအနေနဲ့ကတော့ မြန်မာပြည်ကလာတဲ့သူတွေအားလုံး မြန်မာနိုင်ငံသားတွေပါပဲ" ဆိုတဲ့အတိုင်း အားလုံးကိုတပြေးညီဆက်ဆံရင်း ရတဲ့အချိန်တိုတိုလေးအတွင်း ကျမတို့ရဲ့ ( အထူးသဖြင့် လူငယ်တွေရဲ့) တွေးပုံတွေးနည်းကို ပညာသားပါပါတည့်မတ်ပေးသွားတာ၊ မေးလာသမျှမေးခွန်းတိုင်းကို သူ့စိတ်ထဲရှိတဲ့အတိုင်း၊ သူ့မူအတိုင်း၊ သူ့ယုံကြည်ချက်အတိုင်း လက်တမ်းရှင်းလင်း ဖြေသွားလိုက်တာများ ခမ်းမကြီးတခုလုံး သဘောကျ လက်ခုပ်သံတွေကို ညံနေတာပါပဲ။  တကယ်လို့အန်တီ့မှာသာ အချိန်ပိုရှိရင် သူ့ရှေ့က ဖန်ဇလုံကြီး၃လုံးအပြည့် မေးခွန်းတွေကို တခုပြီးတခု မမောမပန်းထိုင်ဖြေမယ်လို့ ကျမကတော့ယုံပါတယ်။

ပွဲပြီးသွားပေမဲ့ အန်တီရဲ့ ဟောပြောမှုတွေအကြောင်းကတော့ ဒီနိုင်ငံရဲ့သတင်းစာတိုင်းမှာ၊ ရေဒီယိုတွေမှာဝေဝေဆာဆာပါပဲ။ "အန်စန်းစုဂျီးက နင်တို့နိုင်ငံကနေ ငါတို့နိုင်ငံက လေ့လာသင်ယူဖို့လိုတယ်လို့ပြောသွားတယ်ဆို " လို့မေးလာတဲ့ ရုံးက ဒီနိုင်ငံသားလုပ်ဖော်ကိုင်ဖက်ကို ကျမပြုံးပဲပြမိပါတယ်။ တွေ့လိုက်ရတဲ့ ၁နာရီအချိန်အတွင်း အန်တီ့ဆီမှာတွေ့ရတာက အန်တီ့ရဲ့ အကောင်းမြင်တတ်တဲ့စိတ်နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပါ။ တချို့မြန်မာနိုင်ငံသားတွေတောင် အောက်ကျနောက်ကျဖြစ်နေပြီရယ်လို့ အထင်သေးနေတဲ့ ကျမတော့ရွှေပြည်ကြီးအတွက် အန်တီ့မှာယုံကြည်ချက်အပြည့်နဲ့ပါ။ အရှေ့တောင်အာရှမှာအချမ်းသာဆုံးဆိုတဲ့ ဒီကျွန်းနိုင်ငံငယ်လေးရဲ့ ခေါင်းဆောင်တွေကို "ရှင်တို့လဲ ကျမတို့နိုင်ငံကနေ  လေ့လာသင်ယူနိုင်ပါလိမ့်မယ်" လို့ပြောသွားတယ်ဆိုကတဲက သူ့ရဲ့ကျမတော့နိုင်ငံမှာထားတဲ့ ယုံကြည်ချက်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။

အန်တီရဲ့ဟောပြောပွဲတွေအကြောင်းအသေးစိတ်ရေးဖို့ ကျမမှာစိတ်ကူးမရှိပါဘူး။ facebook မှာ၊ သတင်းဆိုက်တွေမှာ၊ youtube မှာ သတင်းအစုံအလင်ကို နားထောင်၊ ဖတ်ရှုနိုင်ပါတယ်။ နိုင်ငံရေးကို ကိုယ်ကသူများလို နှိုက်နှိုက်ချွတ်ချွတ် မလေ့လာဘူးလို့မသိ၊ သိသလောက်လေးနဲ့ရေးရင်လဲ အမှားတွေပါပြီး ဆရာလုပ်သလိုဖြစ်မှာဆိုးတာနဲ့ ရေးဖို့တော်တော်လက်တွန့်ပါတယ်။ ဒါပေမဲ့ အန်တီပြောသွားတဲ့အကြောင်းအရာလေးတခုက ကျမစိတ်ထဲမှာရှိတဲ့အကြောင်းလေးတခုနဲ့ အတော်တိုက်ဆိုင်နေပါတယ်။ ဒီနေရာမှာ ကြိုပြီးပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်က ဒီစကားကို ဒီသဘောနဲ့ပြောသွားပါတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အန်တီပြောသွားတဲ့ စကားလေးကို ကျမနားလည်သလို၊ စိတ်ထဲခံစားမိသလို ရေးတာဖြစ်ကြောင်း အရင်စကားခံပါရစေ။

"ငါတို့နိုင်ငံကမျက်နှာငယ်လို့ ငါတို့မျက်နှာငယ်လို့ စိတ်ထားမဲ့အစား၊ ငါတို့နိုင်ငံ မျက်နှာမငယ်အောင်လို့ငါတို့လုပ်မယ် ဆိုတဲ့စိတ်ဓာတ်တွေတော့မွေးစေချင်တယ်။ (ဒေါ်အောင်ဆန်းစုကြည်)"

ကျမလိုပဲ မြန်မာနိုင်ငံကနေပြီး သူများနိုင်ငံမှာ ပညာလာသင်၊ အလုပ်လာလုပ်တဲ့သူတွေတော့သိကြမှာပါ။ အလုပ်မှာ၊ ကျောင်းမှာ လူမျိုးခြားတယောက်အကြောင်းပြောတဲ့အခါ ငါတို့ရုံးက မြန်မာက၊ ငါတို့ကျောင်းက မြန်မာကလေ ဆိုတာမျိုးကိုပိုပြီးသုံးကြပါတယ်။ မြန်မာတင်ပဲလားဆိုတော့လဲမဟုတ်ပါဘူး။ ကျမတို့နည်းတူ ဒီနိုင်ငံလေးမှာလာပြီး နေထိုင်ကြတဲ့သူတိုင်းပါပဲ။ ဖိလစ်ပင်းနိုး၊ တရုတ် (ပြည်မကြီးက တရုတ်)၊ အိန္ဒိယ၊ အင်ဒိုနီးရှန် အကုန်တူတူပါပဲ။ ကိုယ့်မြေ ကိုယ့်ရေမှမဟုတ်တာကိုး။ ဒီမှာပြောချင်တာက ကျမတို့တဦးတယောက်ချင်းစီရဲ့ လုပ်ပုံ၊ ကိုင်ပုံ၊ အမူအကျင့်တွေက ကိုယ်ကိုတိုင်အတွက်တင်မဟုတ်ဘဲ နိုင်ငံနဲ့တွဲပြီးသက်မှတ်ခံရတယ်ဆိုတာပါပဲ။ ဒါကြောင့်ကျမတို့တဦးတယောက်ချင်းစီရဲ့အပြုအမူ၊ အလုပ်အကိုင်နဲ့ အကျင့်စာရိတ္တတွေအလွန်ကိုအရေးကြီးပါတယ်။ကျမတို့တဦးတယောက်ချင်းဆီက သန်းခြောက်ဆယ်သော မြန်မာပြည်သူတွေရဲ့ ကိုယ်ကျင့်တရား၊ ဓလေ့စရိုက်တွေကို ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကိုယ်စားပြုနေတာပါ။ အန်တီပြောတာတွေ နားထောင်ရင်း တိုင်းပြည်တခု အများအမြင်မှာ မျက်နှာပန်းလှဖို့၊ အရင်ကလို မြန်မာနိုင်ငံကလာတယ်ဆိုရင်ပဲ အထင်တကြီးနဲ့ လေးစားတာခံရဖို့ ဆိုတာ အစိုးရ၊ အဖွဲ့အစည်း တခုအပြင် ကျမတို့တွေမှာလဲ တာဝန်ရှိတယ် ဆိုတဲ့အတွေးရင်ထဲကိုဝင်လာပါတယ်။

အရင်တုန်းက စစ်အစိုးရလက်ထဲမှာ မဖွံ့ဖြိုးတဲ့နိုင်ငံလေးဆိုပြီး အရေးတယူမရှိလှတဲ့ တပြည်သားတွေက အခုကြတော့လဲ ကျမတို့ရဲ့နိုင်ငံအကြောင်းကို ကျမတို့ထက်ကိုပိုပြီးစိတ်ဝင်စားနေပါတယ်။ နေ့လည်စာ စားချိန်မှာ၊ tea break မှာ "နင့်နိုင်ငံက portကြီးဆောက်နေပြီဆို။ မြေဈေးတွေလဲ မနဲဘူးဆို။ Protest တွေဖြစ်နေတယ်ဆို။ အန်စန်းစုဂျီးက ဘယ်နိုင်ငံသွားပြီး ဘာတွေဆွေးနွေးတယ်ဆို။ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာအုံးမယ် ထင်လဲ" စသဖြင့် မေးခွန်းပေါင်းစုံနဲ့ သူတို့သိလဲသိနိုင်ပါတယ်။ ဒီလိုနိုင်ငံရေး စီးပွါးရေးရာတွေအပြင် ခရီးသွားဖို့ကိုလဲ အတော်လေးစိတ်ဝင်စားကြပါတယ်။ ဒါပေမဲ့ ခရီးမသွားခင်တော့ မြန်မာပြည်ရဲ့ အထင်ကရ နေရာတွေ အကြောင်းကို တော်တော်လေးစုံစုံလင်လင်၊ စေ့စေ့ပေါက်ပေါက် မေးတတ်ကြပါတယ်။ သူတို့ဘက်ကတွေးတော့လဲ မှန်ပါတယ်လေ။ အာရှမှာ အရင်ကလူသွားနည်းတဲ့ နေရာ၊ အင်တာနက်တော့ ဖုံးတို့ဆိုတာ မနေ့တနေ့ကမှ အဆင်ပြေစပြုလာတာ။ ဒါတောင်အကောင်းကြီးမဟုတ်သေး။ မြန်မာပြည်ဝင်တာနဲ့ ဖုံးကို သိမ်းလိုက်တယ်ဆို ဆိုတဲ့ မဟုတ်ကဟုတ်က ကောလဟာလကြီးကို သူဌေးကဘယ်ကကြားလာမှန်းမသိလို့ ရှင်းရသေးတယ်။ 

ခရီးသွားဖို့မေးတဲ့အခါ ယေဘူယျအားဖြင့် တော့ "ထင်ရှားတဲ့ နေရာတွေက ဘာတွေလဲ။ ဘာတွေရှိလဲ။ ဘာ activitiesတွေလုပ်နိုင်မလဲ" ဆိုတာတွေပါဘဲ။ တရက် ရုံးနားကဆိုင်မှာ နေ့လည်စာစားနေတုံး ဘေးကပ်ရက်ဝိုင်းကို မြန်မာအကိုတယောက်နဲ့အတူ မြန်မာမဟုတ်တဲ့ Local မိသားစုတစုလာထိုင်ပါတယ်။ တရုတ်အမျိုးသားက ထမင်းမှာပြီး မစားသေးပဲ မြန်မာအကို,ကိုမြန်မာနိုင်ငံကိုသွားလည်ချင်တဲ့အကြောင်းပြောရင်းကနေ ဘယ်တွေသွားရမလဲမေးနေတာပါ။ သူများပြောတာတွေ နားထောင်တာမကောင်းဘူးဆိုတာနားလည်ပေမဲ့ ကိုယ့်နိုင်ငံအကြောင်း၊ ခရီးသွားဖို့အကြောင်းပြောတာဆိုတော့ ထမင်းစားရင်းနားစွင့်မိတယ်ဆိုပါတော့။ သူပြောတဲ့အထဲ ရန်ကုန်၊ မန္တလေး၊ ပုဂံ နဲ့ ဂိုးဒဲန်းရော့ (ကျိုက်ထီးရိုး) ဆိုတာလဲပါရဲ့။ အဲဒီမှာ မြန်မာအကိုက (ဗိုက်ဆာလို့လားမသိ) ရန်ကုန်မှာ ရွှေတိဂုံဘုရား၊ မန်းလေးမှာ မဟာမြတ်မုနိနဲ့ ရွှေကျောင်း၊ ပုဂံမှာ 
ဘုရားကျောင်းတွေ၊ ကျိုက်ထီးရိုးကလဲ ဘုရားပဲဆိုပြီး ခြုံပြီးပြောတော့ "ဟင် အားလုံးကဘုရားပဲဆိုရင်တော့ ငါ့ခလေးတွေနဲ့ အဆင်ပြေမှာမဟုတ်ပါဘူး။ သွားဖို့စဉ်းစားရအုံးမယ်" ဆိုပြီး စကားဝိုင်းသိမ်းသွားပါတယ်။ 
ကျမစိတ်ထဲမှာတော့ " ဒီအကိုနှယ်..ရန်ကုန်က ကိုလိုနီအဆောက်အဦးတွေအကြောင်း၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးလုပ်ကြံခံသွားရတဲ့ အတွင်းဝင်ရုံးအကြောင်း၊ ၁၉၂၀ကျော် ကတည်းက ဆောက်တဲ့ မြန်မာလက်မှုပစည်းတွေ ရနိုင်တဲ့ ဗိုလ်ချုပ်ဈေးကြီးအကြောင်း၊ မန်းလေးမှာဆိုလဲ ဦးပိန်တံတားရဲ့ ရှူခင်းတွေ၊ တနာရီလောက် ကားမောင်းရင်ယောက်တဲ့ ပြင်ဦးလွင် တောင်ပေါ်မြို့လေးအကြောင်း၊ သဘာဝရေတံခွန်တွေ၊ ရုက္ခဗေဒဥယျာဉ်က ပန်းတွေအကြောင်း၊ ပုဂံမှာဆိုလဲ ရှေးဟောင်းအနုပညာလက်ရာတွေအကြောင်း၊ ဘုရားနံရံက ပန်းချီ ပန်းပုတွေအကြောင်း၊ အင်မတန်လှတဲ့ ပုဂံရဲ့ နေဝင်ချိန်အကြောင်းတွေ၊ ကျိုက်ထီးရိုးဆိုလဲ တောင်တတ်တာ ဝါသနာပါတဲ့ သူတွေအတွက် သွားသင့်တဲ့ ခရီးဖြစ်တဲ့အကြောင်း" ဆက်ပြောပါလား လို့ မချင့်မရဲဖြစ်မိပါတယ်။

ဒီလိုရေးတဲ့ မြန်မာအကို ကိုအပြစ်တင်တာမဟုတ်ပါဘူး။ ကျမတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက်ကတော့ ဘယ်ခရီးသွားသွား ဘုရားကအဓိကပါပဲ။ မန်းလေးများ သွားမယ်ဆိုရင် "မဟာမြတ်မုနိ ဘုရားဖူးခဲ့နော်။ တန်ခိုးကြီးတယ်" လို့မှာကြတာပါ။ ဘယ်သူမှ "ဟဲ့ ဘယ်မှမရောက်ရင်တောင် ဦးပိန်တံတား သွားခဲ့နော်။ ပြင်ဦးလွင်လဲ တက်အုံး" လို့ ဘယ်သူမှမမှာပါဘူး။ ဒါတွေက ဒုတိယပါ။ ဒါကြောင့် မြန်မာပြည်ကနေရာတခုခုကိုများ တယောက်ယောက်ကပြောလိုက်ရင်  ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအရင်ဆုံး စိတ်ထဲဝင်လာတာ ဘုရားပါပဲ။  လူမျိုးခြားတွေအတွက်တော့ ဘုရားတွေက ကျမတို့လောက်အဓိကမကြပါဘူး။ သူတို့ခရီးသွားတဲ့အခါ စဉ်းစားတဲ့အချက်တွေထဲမှာ ငါဘာတွေလုပ်လို့ရမလဲ၊ ငါ့ခလေးတွေ ဘာလုပ်လို့ရမလဲ၊ ဘယ်လိုအစားအစာမျိုးတွေစားရမလဲ၊ သွားရမဲ့ ခရီးလမ်းက လုံခြုံမှုမှရှိရဲ့လား ဆိုတာမျိုးကို ပိုစိတ်ဝင်စားပါတယ်။ တခါကလဲ ရုံးကလုပ်ဖော်ကိုင်ဘက်တွေမေးလို့ သူတို့အခေါ် ဂိုးဒဲန်းရော့ အကြောင်းပြောပြနေတာ တယောက်က လမ်းလျှောက်သွားရင် တက်ရမဲ့တောင်တွေကဘယ်လောက်မြင့်လဲ လို့မေးတော့ အခေါက်ပေါင်းမြောက်မြားစွာ ကျိုက်ထီးရိုးကို လမ်းလျှောက်တမျိုး၊ ကားနဲ့တဖုံ သွားဖူးပေမဲ့မဖြေနိုင်ပါဘူး။  ငါ နင့်ကိုပြန်ပြောပါ့မယ်လို့ ပြန်ပြောလိုက်ရပါတယ်။

သဘာဝတောတောင်၊ရေမြေအလှအပရှိပြီးသား ကျမတို့နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေကိုစွဲဆောင်ဖို့ ခက်လှမယ်မထင်ပါဘူး။ အခုတောင် ခရီးသွားတွေအရင်ကထက် အလွန်များလာတဲ့အတွက် ဟိုတယ်တွေတောင်မလောက်မငဖြစ်နေတယ်မဟုတ်ပါလား။ ကျမတို့ ခရီးမသွားခင်သွားမဲ့နိုင်ငံက အသိမိတ်ဆွေတွေကို သွားမဲ့နိုင်ငံအကြောင်း မေးမြန်းစုံစမ်းသလို ကျမတို့နိုင်ငံအကြောင်း မေးလာတဲ့အခါ ကောင်းနိုးရာရာလေးတွေ အကြံပေးနိုင်ဖို့၊ သူတို့သိချင်မယ့် အချက်အလက်လေးတွေ လက်လှမ်းမှီသလောက်လေး လေ့လာထားရင် ကောင်းမယ်လို့ ရိုးရိုးလေးတွေးမိပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းဆိုတာ တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေရတဲ့ လုပ်ငန်းဆိုတော့ ခရီးသွားတွေများလာလေလေ၊ တိုင်းပြည်စီးပွါးရေးအတွက်အကျိုးရှိလေလေ၊ မြန်မာပြည်ဆိုတာ ဘာမှလည်စရာမရှိ၊  သံယံဇာတမရှိတဲ့ စုတ်ချာချာနိုင်ငံမဟုတ်ဘူးဆိုတာ လူတွေပိုသိလေလေ၊ ကျမတို့လိုရေမြေခြားမှာ နေနေရတဲ့ သူတွေလဲ  မျက်နှာမငယ်ရလေလေပါပဲ။ 

အန်တီ့နဲ့ Singaporeက မြန်မာမိသားစုတွေ တွေ့စုံပွဲကတော့ အောင်အောင်မြင်မြင်နဲ့ပြီးသွားခဲ့ပါပြီ။ ပွဲအပြီးမှာ ကျမလိုပဲ အတွေးပေါင်းစုံနဲ့ ပြန်လာမဲ့သူတွေလဲ အများကြီးပဲရှိမှာပါ။ "အန်တီက အသက်၆၈နှစ်တောင် ရှိပြီ။ ဒေါ်ကြီးအရွယ်၊ အဖွားအရွယ်။ သူ့မှာအေးအေးဆေးဆေး သားသမီး၊ မြေးတစုနဲ့ မနေနိုင်ပဲ အလုပ်တွေမရပ်မနားလုပ်နေရတာ သနားပါတယ်" လို့ အကိုတယောက်နဲ့ပြောဖြစ်တဲ့ အခါ " ဟယ် အန်တီကပြောတယ်လေ။ သူ့ကိုသနားစရာမလိုဘူး။ ဒါကိုသူလုပ်ချင်လို့ကို လုပ်နေတာ တဲ့" နင် သေသေချာချာ နားမထောင်ဘူးလား"။ ဟုတ်ကဲ့ ကျမတို့သေသေချာချာ နားထောင်ခဲ့ကြပါတယ်။ အန်တီ့ရဲ့ စကားလုံးတိုင်းနီးပါးကို သဘောကျစွာနဲ့ပဲ ခမ်းမလျှံအောင် လက်ခုပ်လဲတီးခဲ့ကြပါတယ်။  သေသေချာချာ နားထောင်ခဲ့ ပေမဲ့လဲ အန်တီ့လိုတွေးပြီး အန်တီပြောသလိုလိုက်လုပ်နိုင်ဖို့ကတော့ လူတဦးတယောက်ချင်းစီမှာပဲ မူတည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလို လူငယ်ဖြစ်တဲ့ ကျမ အကြောင်းကြောင်းကြောင့် ကိုယ့်တိုင်းပြည်ကိုယ်မပြန်နိုင်ခင် ရောက်ရာနေရာက ကိုယ့်ချစ်တဲ့မြေ အတွက် ဘာလုပ်ပေးနိုင်မလဲ စဉ်းစားရင်းနဲ့ပဲ ဒီစာကိုရေးဖြစ်ပါတယ်။